မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာမူကြမ်းအပေါ် ဝန်ကြီးဌာနအတွင်း ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ဇွန်လ ၁၉

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေပါ အခွင့်အရေးနှင့်ရပိုင်ခွင့်များကို တိုင်းရင်းသားလူမျိုးများ အားလုံး အပြည့်အဝ ရရှိခံစားနိုင်စေရန်၊ ဒေသအသီးသီးရှိ တိုင်းရင်းသားလူမျိုးများအားလုံး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အခြေခံကောင်းများ ရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် ပြည်ထောင်စုအတွင်းရှိ ဒေသများအားလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာမူကြမ်းအပေါ် ဝန်ကြီးဌာနတွင်း ညှိနှိုင်းဆွေးနွေးပွဲကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရမည့် အစီအမံများကို ချမှတ်ကျင့်သုံးလျက် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၁၉-၆-၂၀၂၀ ရက်နေ့ကကျင်းပ ဆောင်ရွက်ခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လမ်းပြမြေပုံတစ်ခု ဖြစ်လာမည့် မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်းအစီအစဉ်များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ၆၄ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၎င်းစစ်တမ်းရလဒ်များကို အခြေခံကာ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ကနဦးမူကြမ်းကို ရေးဆွဲနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကိုလည်း ၁၉-၉-၂၀၁၉ ရက်နေ့မှ ၂၀-၉-၂၀၁၉ ရက်နေ့အထိ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဦးစီးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်နှင့် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီမှ ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီမှ ကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက မဟာဗျူဟာ ကနဦးမူကြမ်းကို ဆွေးနွေး အကြံပြုခဲ့ကြပါကြောင်း၊ အဆိုပါ အစည်းအဝေးရလဒ်များ၊ အကြံပြုချက်များ၊ ဖြည့်စွက်ချက်များကို အခြေခံ၍ ဝန်ကြီးဌာနအတွင်းရှိ ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများ၏ အကြံပြုချက်များရယူ ဖြည့်စွက်နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ မဟာဗျူဟာပါ လုပ်ငန်းများအကောင်အထည်ဖော်နိုင်ဖို့အတွက် ဝန်ကြီးဌာနအတွင်းရှိ ပြည်ထောင်စု ဝန်ကြီးရုံးနှင့်  ဦးစီးဌာနနှစ်ခုစလုံးက တက်ရောက်လာသော အရာထမ်းများမှ ကျစ်လစ်ပြည့်စုံတဲ့ အခန်းကဏ္ဍတွေ ဖြစ်အောင် ဆွေးနွေးပေးဖို့ လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးမှ ရရှိလာမည့် မူကြမ်းကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေုးမှုအဖွဲ့အစည်းများကို ဖိတ်ခေါ်၍ အကြံပြုချက်များ ထပ်မံရယူပြီး မဟာဗျူဟာ Final Draft ရေးဆွဲ၍ ထုတ်ပြန်နိုင်ရေးအဆင့်ဆင့် တင်ပြ အတည်ပြုချက် ရယူသွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

 

ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ အရာထမ်း ၆ ဦးစီ ပါဝင်၍ ဆွေးနွေးခဲ့ကြပါသည်။

  ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာတစ်ရပ် ပီပြင်ခိုင်မာစွာ ပေါ်ထွက်လာမည် ဖြစ်ပြီး မဟာဗျူဟာပါ ကဏ္ဍအလိုက် လုပ်ငန်းများသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လမ်းပြမြေပုံသဖွယ် ဖြစ်ကာ တိုင်းရင်းသားလူမျိုးများ၏ အရေးကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း  သိရှိရသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: