အခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် ဘီးလင်းမြို့နယ်တွင် ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ ၂၈

ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က အမှာစကား ပြောကြားစဉ်

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများအကြား ၎င်းတို့နှင့် သက်ဆိုင်သည့် အခွင့်အရေးများ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပိုမိုကျယ်ပြန့်စွာ သိရှိလာနိုင်စေရန် ရည်ရွယ်လျက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်စီမံခြင်းအစီအစဉ်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ခဲမောက်ဘုန်းတော်ကြီးကျောင်း၌ ၎င်းအစီအစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားအစီအစဉ်ကို နံနက်ပိုင်းနှင့် ညနေပိုင်း ဟူ၍ နှစ်ပိုင်းခွဲခြား၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအခမ်းအနား၌ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ သထုံခရိုင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းကိုစိုးက ၁၉၈၂ ခုနှစ်ဥပဒေများ အကြောင်းကို လည်းကောင်း၊ သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးဥပဒေအကြောင်းတို့ကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး မှ တာဝန်ခံအရာရှိ ဦးစောချစ်သန်းက လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး၊ ရပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်းဟောပြောခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများကလည်း တက်ရောက်လာသူများထံ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် အသက်မွေးဝမ်းကျောင်းသင်တန်းများ၏ အကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ကြောင်း သိရှိရသည်။

ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ပအိုးဝ်တိုင်းရင်းသူများက ဖြေဆိုကြစဉ်

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ သထုံခရိုင် အလုပ် သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီမှူး ဦးဝင်းကိုစိုး၊ သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုး၊ ဒေါက်ရပ်ကျေးရွာ အုပ်ချုပ် ရေးမှူး၊ ကျေးရွာတာဝန်ခံများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒေါ်ဥမ္မာမြင့်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ‌ဒေသခံပအိုဝ်းတိုင်းရင်းသားများ တက်ရောက်ခဲ့ကြရာ နံနက်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသား တိုင်းရင်းသူ ၂၅ ဦးထံမှလည်းကောင်း၊ ညနေပိုင်းတွင် ၂၅ ဦးထံမှ လည်းကောင်း စစ်တမ်းများ ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်၌ ကျင်းပပြုလုပ်ရန် လျာထားသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ၆ ကြိမ်အနက် တတိယအကြိမ်အဖြစ် ယခုအစီအစဉ်ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည့် အခမ်အနားအစီအစဉ်လည်း ဖြစ်ကြောင်း သတင်း ရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: