
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် Participatory English Learning Course သင်တန်းဖွင့်လှစ်
နေပြည်တော်၊ ဩဂုတ် ၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနသည် ဌာနရှိ ဝန်ထမ်းများ၏ အင်္ဂလိပ်စာအရည်အသွေးကို မြှင့်တင်ရန်၊ Public Presentation Skill ပိုမိုကောင်းမွန်လာစေရန်နှင့် ဝန်ထမ်းများအကြား ပိုမို ရင်းနှီးချစ်ကြည်၍ Team building skill ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ချက်များဖြင့် Participatory English Learning Course သင်တန်းကို ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အဆိုပါ သင်တန်းဖွင့်ပွဲကို ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက အဖွင့်အမှာစကား ပြောကြားရာ၌ သင်တန်း ဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက် ၂ ချက် ရှိပါကြောင်း၊ ဝန်ထမ်းများ အင်္ဂလိပ်စာ ကောင်းမွန်၍ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် အင်္ဂလိပ်စာကို မူလတန်းကတည်းက သင်ကြားခဲ့သော်လည်း ယခုတိုင်အောင် သင်ကြားနေရတဲ့ ဘာသာရပ်ဖြစ်ပြီး စဉ်ဆက်မပြတ် သင်ကြားနေရမည့် ဘာသာရပ် ဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာ ဘာသာရပ်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာသုံးဘာသာစကား ၆ မျိုးတွင် အပါအဝင်ဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်သုံးသော ဘာသာရပ်ဖြစ်ပါကြောင်း၊ ယခုလောလောဆယ် ရုံးချုပ်တွင် အဓိကထား ဖွင့်လှစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများရှိ ဝန်ထမ်းများအတွက်လည်း ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိကြောင်း၊ အင်္ဂလိပ်စာသင်တန်းသာမက အခြားလိုအပ်သော သင်တန်းများလည်း ဖွင့်လှစ်ရန် ရှိပါကြောင်း၊ သင်တန်းပြီးဆုံးသွားပါကလည်း သင်ယူမှုကို ရပ်နားခြင်းမရှိပဲ ဆက်လက်လေ့လာကြစေလိုပါကြောင်း၊ အခွင့်အရေးရချိန် သင်ကြားခွင့် ရချိန်တွင် ဝန်ထမ်းများက အခွင့်အရေးကို အပြည့်အဝယူစေလိုပါကြောင်းနှင့် မိမိကိုယ်ကျိုးအတွက်သာမက မိမိဌာနအကျိုးအတွက်ပါ ဆောင်ရွက်သွားရန် ရည်ရွယ်၍ ကြိုးစားသင်ယူကြစေလိုပါကြောင်းတို့ကို တိုက်တွန်း ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ဌာနခွဲများမှ တာဝန်ခံများ၊ သင်တန်းဆရာနှင့် သင်တန်းသား စုစုပေါင်း ၁၈ ဦး တက်ရောက်ခဲ့ကြပြီး တစ်နေ့လျှင်ပို့ချချိန် ၂ နာရီဖြင့် သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှ အောက်တိုဘာလ ၂၂ ရက်နေ့အထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တိုင်း ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခု ဖွင့်လှစ်သည့် Participatory English Learning Course သင်တန်းတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ငြိမ်းချမ်းရေးနှင့် အငြင်းပွားမှုများ ဖြေရှင်းရေးအထောက်အကူပြုဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသန်းက သင်ကြားပို့ချပေးမည် ဖြစ်ပြီး သင်တန်းဖွင့်လှစ်ရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)
0 Comments on "တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် Participatory English Learning Course သင်တန်းဖွင့်လှစ်"