တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ် ရေတာရှည်မြို့နယ်တွင် ကျင်းပ

နေပြည်တော်၊ ဩဂုတ်လ ၂၈

တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ဦးဆောင်ကျင်းပသည့် တတိယအကြိမ် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ရေတာရှည်မြို့နယ်၊ ဆီမီးကံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရေတာရှည်မြို့နယ်နှင့် ရေနီမြို့နယ်မှ အုပ်ချုပ်ရေးမှူးများ၊ တောင်ငူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ကျောင်းအုပ်ကြီး၊ တိုင်းရင်းသားအခွင့်ရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသနေ ပအိုဝ်းတိုင်းရင်းသားများ၊ စုစုပေါင်း ၇၉ ဦး တက်ရောက်ခဲ့ပါသည်။

 

အခမ်းအနား ပထမပိုင်းတွင် ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြား၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသော်၊ ဦးစီးအရာရှိများ ဖြစ်ကြသည့် ဦးကောင်းခန့်ကျော်နှင့် ဒေါ်ဆုသီရိအေးတို့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများအပါအဝင် အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်း၊ လူမျိုး ပြုန်းတီးစေမှုကိုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်အပေါ် လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်များနှင့် ပတ်သက်၍လည်းကောင်း၊ တောင်ငူမြို့နယ် အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ သက်ကြီးရွယ်အို၊ ရှေးဦးကလေးသူငယ်၊ လူငယ်ရေးရာမူဝါဒများနှင့် စပ်လျဉ်းသည့် အခွင့်အရေးဆိုင်ရာများနှင့်ပ်လျဉ်း၍လည်းကောင်း အသိပညာပေးဟောပြောခြင်းများကို အုပ်စုများခွဲခြား ဆောင်ရွက်ခဲ့ကြပြီး အခမ်းနား၌ ပူးပေါင်း  ပါဝင်ဟောပြောပေးခဲ့ကြသည့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဧည့်သည်တော်များအာတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းတွင် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာဖြင့် စစ်တမ်းများ ကောက်ယူခဲ့ရာ  အခမ်းအနား တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား ၆၀ ဦးတို့က မေးခွန်းလွှာများကို ဖြေဆိုပေးခဲ့ကြပြီး ဌာနကလည်း ၎င်းတို့ထံ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးများကို တိုင်းရင်းသားလူမျိုးများအကြား ပိုမိုကျယ်ပြန့်စွာ သိရှိ နားလည်လာနိုင်စေရန်နှင့် တိုင်းရင်းသားလူမျိုးများအတွက် ၎င်းတို့၏ ရပ်ရွာများကို အခြေပြုသည့် အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များအပေါ် မူတည်ကာ လိုအပ်သည့် ညှိနှိုင်း ပေါင်းစပ်မှုများကို စီမံ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ကာ အဆိုပါ အခမ်းအနား အစီအစဉ်များကို တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: