ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ် (၄) ၏ ပထမအကြိမ် အစည်းအဝေးကို online စနစ်ဖြင့် ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင် အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သည့် ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ် (၄) ၏ ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့က online စနစ်ဖြင့် ကျင်းပခဲ့ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းရင်းသားအခွင့်အရေးများ မြေယာကိစ္စများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် အရပ်ဘက်အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ စိတ်ပါဝင်စားသဖြင့် လေ့လာတက်ရောက်သူများ၊ စုစုပေါင်း ၁၈ ဦး တက်ရောက်ခဲ့သည်။

အဖွဲ့ခေါင်းဆောင်က နှုတ်ခွန်းဆက်စကား ပြောကြားစဉ်

အစည်းအဝေးကို နေ့လယ် ၁ နာရီခွဲတွင် စတင်ကျင်းပရာ အဖွဲ့ခေါင်းဆောင်က နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ လုပ်ငန်းအဖွဲ့ငယ် (၄) အား ဖွဲ့စည်းနိုင်ခဲ့သည့် အခြေအနေနှင့် အဖွဲ့၏ အဓိကလုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားကာ ယင်းသို့ လုပ်ငန်းတာဝန်များကို ရှင်းလင်းလို၍လည်းကောင်း၊ အဖွဲ့ဝင် အသီးသီး၏ လုပ်ငန်းနယ်ပယ်အလိုက် လက်ရှိ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ယခုအဖွဲ့ငယ် (၄) ၏ လုပ်ငန်းများ အောင်မြင် ပြီးမြောက်စေရေးအတွက် အဖွဲ့ဝင် တစ်ဦးချင်းစီ၏ ပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို သိရှိလို၍လည်းကောင်း အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အဖွဲ့ဝင်များ online မှ ဆွေးနွေးကြစဉ်

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက လုပ်ငန်းနယ်ပယ်များအလိုက် ၎င်းတို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တစ်ဦးချင်း ရှင်းလင်း မိတ်ဆက်ခဲ့ကြပြီးနောက် အသစ်ရေးဆွဲ ပြဋ္ဌာန်းမည့် အမျိုးသားမြေဥပဒေတွင် တိုင်းရင်းသားလူမျိုးများ၏ မြေအသုံးချမှု အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်လာနိုင်စေရေးအတွက် လုပ်ငန်းအဖွဲ့ငယ် (၄) ၏ အဓိကလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည့် အခန်းကဏ္ဍများ၊ နည်းလမ်းများနှင့် စပ်လျဉ်း၍ ၎င်းတို့၏ သဘောထားအမြင်များ၊ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး မျှဝေခဲ့ကြသည်။

ထိုသို့ဆွေးနွေးခဲ့ကြရာတွင် လုပ်ငန်းများ ပိုမိုထိ‌ရောက်စွာဆောင်ရွက်နိုင်ရေးအတွက် Work Plan တစ်ခု ရေးဆွဲ၍ ဆောင်ရွက်ရန်၊ တိုင်းရင်းသားတို့၏ မြေယာစီမံခန့်ခွဲမှု ဓလေ့ထုံးစံများနှင့် သက်ဆိုင်သည့် သင့်လျော်သော သတင်းအချက်အလက်များအား ရနိုင်သမျှ စုဆောင်းသွားရန်၊ စုဆောင်းရရှိသည့် အချက်အလက်များအား အဖွဲ့ဝင်များအကြား အပြန်အလှန်မျှဝေနိုင်ရေးအတွက် စနစ်တစ်ခု သတ်မှတ်သုံးစွဲရန်နှင့် လုပ်ငန်းအဖွဲ့၏ အစည်းအဝေးများအား လစဉ် ကျင်းပသွားရန်တို့ကို အဖွဲ့ဝင်အားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးအား ညနေ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(ပြည်ထောင်စုဝန်ကြီးရုံး)

Share: