ဒေသခံတိုင်းရင်းသားများနှင့်ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့ငယ်-၄ ၏ တတိယအကြိမ် အစည်းအဝေး video conferencing စနစ်ဖြင့် ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၆

ဒေသခံတိုင်းရင်းသားများနှင့်ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့ငယ်-၄ ၏ တတိယ အကြိမ် Online အစည်းအဝေးကို နေ့လယ် ၁ နာရီခွဲတွင် စတင်ကျင်းပခဲ့ရာ  အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ခံများနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်အချို့တို့က လေ့လာသူများအဖြစ် တက်ရောက် ခဲ့ကြသည်။ အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Dr. အယ်လ်တူးမိန်းဂေါင်က နှုတ်ခွန်း ဆက်စကားပြောကြားရာ၌ အဖွဲ့မှ အဖွဲ့ဝင်များ ဆုံစည်းနိုင်တဲ့  Viber Platform၊ Data တွေ စုစည်းနိုင်တဲ့ Data Platform၊ အများပါဝင်နိုင်တဲ့ Facebook Platform များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊  အများပါဝင်နိုင်တဲ့ Facebook Platform မှ တစ်ဆင့် ပါဝင်လာတဲ့အဖွဲ့အစည်းများ၏ အကြံပြုချက်များကို အလေးထားပြီး အခြားအဖွဲ့အစည်းများ ထပ်မံပါဝင်ရန် ဖိတ်ခေါ်ပါကြောင်း၊ အားလုံး ပူးပေါင်းပါဝင်မှုကို ရယူခြင်း (Inclusiveness)၊ ကြာမြင့်ချိန် (Timeline – Time Frame)၊ အသေးစိတ် အကြောင်းအရာများ (Scoping)၊ လူထု၏ အကြံပြုချက်ရယူမယ့် အစီအစဉ် (Public Outreach) တွေကိုလည်း ဆက်လက် ဆွေးနွေးရန် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ဆိုင်ရာလုပ်ငန်းစဉ်အတွက် ၂၁ ရာစုပင်လုံကို တင်သွင်းသော စာ‌တမ်းများမှ မြေယာ ၊ သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍများ၊ တပ်မတော်မှ တင်သွင်းသောစာတမ်းများ၊ EAO ဘက်မှ တင်သွင်းသော စာတမ်းများ၊ အစိုးရနှင့် လွှတ်တော်ဘက်မှ တင်သွင်းသောစာတမ်းများကိုလည်း Review လုပ်ရန် လိုအပ်မှာ ဖြစ်ကြောင်းတို့ကို ထည့်သွင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်မြင့်သောင်းက အမျိုးသားမြေဥပဒေတွင် ပါဝင်သင့်သည့် ကျောရိုးမာတိကာများနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဒေသခံတိုင်းရင်းသားများ၏ မြေဓလေ့ထုံးတမ်းများ၊ မြေအသုံးချမှုမြေပုံနှင့် မှတ်တမ်းပြုစုခြင်း၊ မြေ အသုံးချမှုကို မှတ်ပုံတင်ခြင်း၊ မြေအမျိုးအစား ပြန်လည်သတ်မှတ်ခြင်း၊ မြေအသုံးချမှုအခွင့်အရေးများ၊ မြေအငြင်းပွားမှုများ၊ ကျူးကျော်မှုများဖြေရှင်းခြင်း၊ မြေလုပ်ပိုင်ခွင့်ခိုင်မာစေရေး၊ စိုက်ပျိုးရေး အလေ့အထ ဖွံ့ဖြိုးတိုးတက်စေရေး စသဖြင့် အခန်း ၈ ခန်းကို ဆွေးနွေးခဲ့ပြီး  အဆိုပါ ဆွေးနွေးချက်များအပေါ် လုပ်ငန်းအဖွဲ့ငယ်၏ အတွင်းရေးမှူးဖြစ်သူ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်က အမျိုးသားမြေအသုံးချမှုမူဝါဒပါ အချက်အလက်များနှင့် ဆက်စပ်၍ အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်သော စကားရပ်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ အဖွဲ့ဝင်များမှ လူနည်းစုတိုင်းရင်းသားငယ်များ၏ ဓလေ့ထုံးတမ်းများအထိ ထည့်သွင်း စဉ်းစားရန်ကိစ္စများ၊ အများ၏ပါဝင်မှု ရနိုင်ရန် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သင့်သည့် အကြောင်းအရာများ၊ တည်ဆဲဥပဒေများနှင့် လိုက်လျောညီထွေရှိစေရေးကိစ္စများ၊ လက်တွေ့ ကွင်းဆင်းနိုင်ရေးကိစ္စများ၊ ဘဏ္ဍာငွေဆိုင်ရာကိစ္စများကို အသီးသီး ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၃ နာရီ ၅၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီးရုံး

Share: