သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှုနှင့် အမုန်းစကားတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးလေ့ကျင့်ပေးမှုအစီအစဉ်သင်တန်း ဖွင့်လှစ်ပို့ချ

နေပြည်တော်၊ ဒီဇင်ဘာ ၅

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် UNESCO-Myanmar ရုံးတို့ ပူးပေါင်း ဆောင်ရွက်သည့် သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှုနှင့် အမုန်းစကားတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး လေ့ကျင့်ပေးမှုအစီအစဉ် သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ video conferencing စနစ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည်။

အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂:၃၀ နာရီတွင် ကျင်းပရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

တိုင်းရင်းသားရေးရာများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအနေဖြင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သဘောတရားကို အပြန်အလှန်ဆွေးနွေးနိုင်ရန်၊ တိုင်းရင်းသားများအကြား သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု၊ အမုန်းတရားနှင့် အမုန်းစကားဆိုင်ရာတို့ကို သင်ကြားပို့ချရန်၊ ယဉ်ကျေးမှုများအကြား ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေမည့် သတင်းမီဒီယာ သိနားလည်မှု မူဝါဒများနှင့် နည်းဗျူဟာများကို သရုပ်ဖော် ပြသရန်နှင့် ယဉ်ကျေးမှုအရ ထိရှလွယ်သော သတင်းမီဒီယာ သိနားလည်မှု နည်းဗျူဟာများနှင့် မူဝါဒများ ချမှတ်ရေးဆိုင်ရာများကို  လမ်းညွှန်ပြသရန် စသည့်  ရည်ရွယ်ချက် ၄ ရပ်ဖြင့် အဆိုပါ အစီအစဉ်ကို ဖွင့်လှစ် ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အစီအစဉ်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ရုံးချုပ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ သင်တန်းသား စုစုပေါင်း ၃၆ ဦး ပါဝင် တက်ရောက်ခဲ့ပြီး UNESCO-Myanmar ရုံးမှ  Media Development Specialist ဖြစ်သူ Mr. Ramon R. Tuazon နှင့် National Project Officer ဒေါ်နိုင်နိုင်အေးတို့က သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု၊ ယဉ်ကျေးမှုမျိုးစုံကြား ပြန်ကြားဆက်သွယ်ရေးအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ယဉ်ကျေးမှုမျိုးစုံကြား ပြန်ကြားဆက်သွယ်ခြင်း၏ ရည်ရွယ်ချက်များ၊ အမုန်းစကား၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကားပိရမစ်၊ အစွန်းရောက်အကြမ်းဖက်ဝါဒ ကာကွယ်တားဆီးရေး  စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပို့ချခဲ့သည်။

အစီအစဉ် နောက်ဆုံးနေ့၏ ၁၆:၃၀ နာရီအချိန်တွင် ပိတ်ပွဲအခမ်းအနားကို  ကျင်းပပြုလုပ်ရာ UNESCO-Myanmar ရုံး ကိုယ်စားလှယ်ဖြစ်သူ Ms. Min Jeong Kim က နိဂုံးချုပ်အမှာစကား ပြောကြား၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ သင်တန်းသားများကိုယ်စား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: