အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် တိုင်းရင်းသားပညာရေးနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ၁၇-၁၂-၂၀၂၀ ရက်နေ့ နံနက် ၉ နာရီခွဲတွင် Online စနစ်ဖြင့် ကျင်းပခဲ့ရာ ယင်းအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးရုံးများမှ တာဝန်ရှိသူများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြား၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ကလည်း ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ကျောင်းနေအရွယ် ကလေးငယ်များ၊ တိုင်းရင်းသားကလေးငယ်များ၏ ဒုတိယမိခင်သည် ပညာရေးဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတော်၏ အနာဂတ် ဖြစ်ပြီး တိုင်းပြည်၏ ရှေ့ရေးလည်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေမှုများကို ကြည့်ခြင်းအားဖြင့် နောင်အနာဂတ် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုတင်မှန်းဆ သိမြင်နိုင်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကား အခြေပြု သင်ကြားနိုင်ရေး၊ Teaching Assistant၊ Language Teacher နေ့စား လပေး ဆရာဆရာမများ ခန့်ထားနိုင်ရေး၊ တိုင်းရင်းသားဆရာဆရာမများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရေး၊ တိုင်းရင်းသားဒေသသင်ရိုးညွှန်းတမ်း ကျောင်းသုံးဖတ်စာအုပ်များဖြင့် သင်ကြားနိုင်ရေး စသည်တို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် တိုင်းရင်းသားဒေသများတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပညာသင်ယူပြီးမြောက်သူများ ပိုမို များပြားလာကြောင်း သိရှိရသည့်အတွက်လည်း များစွာ ဝမ်းမြောက်မိပါကြောင်း၊
ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသကဲ့သို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းရင်းသားကလေးငယ်များ၏ ပညာရေးကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ရန် အစဉ် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူငယ်များအတွက် အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာသင်တန်းများကိုလည်း ချန်လှပ်မထားဘဲ ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပြီး အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းအဆင့် အထက်တန်းအဆင့်မှ ဆက်လက် ပညာသင်ကြားနိုင်ခြင်း မရှိသည့် ဝေးလံခေါင်ဖျား ဒေသများရှိ တိုင်းရင်းသားလူငယ်များအတွက် သက်မွေးပညာသည် လွန်စွာမှ အရေးကြီးပါကြောင်း၊ ကလေးတိုင်းအတွက် ပညာနို့ရည် အပြည့်အဝ ရရှိနိုင်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော ပညာရေးစနစ် ဖြစ်ပေါ်လာစေရေးတို့အတွက် ယခု ရေးဆွဲလျက်ရှိသည့် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အောင်မြင်စွာ ရေးဆွဲနိုင်ရေးနှင့် ယင်းမဟာဗျူဟာပါ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့ အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Share: