ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့ငယ် (၄) ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ ၁၄ ရက်

ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ် (၄) ၏ စတုတ္တအကြိမ်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁ နာရီခွဲတွင်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄) နေပြည်တော်၌ video conferencing  စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်နှင့် အဖွဲ့ဝင် ၁၃ ဦးတို့က ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်က အဖွင့်အမှာစကားပြောကြားရာ၌ ပြီးခဲ့သည့် တတိယအကြိမ်အစည်းအဝေးတွင် အမျိုးသားမြေဥပဒေတွင် ပါဝင်သင့်သည့် ကျောရိုးမာတိကာခေါင်းစဉ်များကို အကြမ်းဖျဉ်းအနေဖြင့် ဆွေးနွေးနိုင်ခဲ့ကြပါကြောင်း၊ ကျောရိုးမာတိကာတွေဖော်ထုတ်ဖို့ အပိုင်းကအရေးကြီးသလို ဘောင် အတွင်းက မဖြစ်ဖို့ဆိုတာ အရေးကြီးတဲ့ကိစ္စဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့ငယ် (၄) ၏ အဓိက လုပ်ဆောင်ရမည့် တာဝန် ၄ ရပ်ရှိကြောင်း၊ ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်၊ ဌာနေတိုင်းရင်းသားစီမံခန့်ခွဲမှုစနစ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို စနစ်တကျ စုဆောင်း ခြင်း၊ ယင်းအချက်အလက်များကို ပြောင်းလဲနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတို့နှင့် ထင်ဟပ်၍ လေ့လာသုံးသပ်ခြင်း၊ အမျိုးသားမြေဥပဒေတွင်ပါရှိရမည့် ယင်းခေါင်းစဉ်များအတွက် အရေးပါသော အချက်အလက်များ၊ ထည့်သွင်းစဉ်းစားသင့်သည့် အချက်အလက်များကို ဖော်ထုတ်မှတ်တမ်းတင်ခြင်းနှင့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့သို့ တင်ပြအစီရင်ခံခြင်းတို့ ဖြစ်ပါကြောင်း၊ လက်ရှိ အချိန်တွင် အချက်အလက်များစွာကို စုဆောင်းရရှိနေပြီး Data Platform တွင်လည်း တင်ပြ ထားပါကြောင်း၊ အချက်အလက်များကို လေ့လာသုံးသပ်ရမည့်အပိုင်း၊ ကွင်းဆင်းလေ့လာရမည့် အပိုင်းများတွင် အခက်အခဲရှိနေပါကြောင်း၊ COVID – 19 အလွန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လျင်မြန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ အခက်အခဲ များ၊ လိုအပ်ချက်များ၊ စိန်ခေါ်မှုများကို Problem Tree  ကို တည်ဆောက်ပြီး အခက်အခဲ ပြဿနာတွေကို ကျော်လွှားနိုင်မည့် အချက်အလက်များကို စဉ်းစား၍ အထောက်အကူပြုနိုင်မည့် ဥပဒေရေးသားချက်များကို ဆွေးနွေးခဲ့သော ဥပဒေကျောရိုးတွင်ထည့်သွင်းနိုင်ရန် ဆောင်ရွက်မည် ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့သို့ တင်ပြနိုင်ရေးအတွက် ကိုယ်စားလှယ် ရွေးချယ်ထားမှုနှင့်စပ်လျဉ်း၍ လုပ်ငန်းအဖွဲ့ငယ် (၄) ၏ အတွင်းရေးမှူးဖြစ်သူ ဒုတိယညွှန်ကြားရေးမှူးက ဒေါ်သဉ္ဇာနိုင်က တင်ပြကာ ဌာနေတိုင်းရင်းသားများမိတ်ဖက်အသင်း၏ ဒါရိုက်တာ ဦးကဲယုန်းက လုပ်ငန်းအသေးစိတ် အစီအစဉ် မူကြမ်းကို တင်ပြခဲ့ပြီး အဖွဲ့ဝင်အသီးသီးက ရိုးရာမြေအသုံးချမှုနှင့်စပ်လျဉ်း၍ တိုင်းရင်းသားများ လက်တွေ့ ကြုံတွေ့နေရသော အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင်ဖြစ်သူ အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လည် ၃ နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့သည်။

လုပ်ငန်းအဖွဲ့ငယ် (၄) အသေးစိတ် လုပ်ငန်းအစီအစဉ်တွင် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်နှင့် ဌာနေ/ဒေသခံတိုင်းရင်းသားများ၏ မြေယာစီမံခန့်ခွဲမှုစနစ် အချက်အလက်များ စုဆောင်းခြင်း၊ အချက်အလက်များ သုံးသပ်ခြင်းနှင့် ဥပဒေအကြံပြုချက်များအား မှတ်တမ်းတင်ခြင်း၊ ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ဆိုင်ရာ လုပ်ငန်းစဉ်၊ အမျိုးသမီးများ၊ အမျိုးသားများနှင့် မသန်မစွမ်းသူများ တန်းတူညီမျှခွင့်၊ ဘဏ္ဍာငွေရှာဖွေခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ လုပ်ငန်းအဖွဲ့ငယ် (၄) ၏ အသေးစိတ် လုပ်ငန်းအစီအစဉ်များကို သုံးသပ်ခြင်း လုပ်ငန်းစဉ်များ ပါဝင်ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးရုံး

Share: