တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၊  ဇန်နဝါရီ    ၁၂

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ တတိယ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ကို Covid-19 ကပ်ရောဂါကြောင့် Virtual စနစ်ဖြင့် ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Covid-19 တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က video conferencing စနစ်ဖြင့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကားပြောကြားရာ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ပထမအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ လည်းကောင်း ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး ယခု တတိယအကြိမ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Virtual စနစ်ဖြင့် ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ဆောင်ရွက်မည့် အစီအစဉ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနများသို့ လိပ်မူ၍ အကြောင်းပြန်လာခဲ့သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (Covid-19) ညွှန်ကြားချက်များနှင့်အညီ သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော်ကို ကျင်းပနိုင်ရန် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ပွဲတော်ကို ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများချစ်ကြည်ရင်းနှီးရေး၊ ရိုင်းပင်းကူညီရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ တောတောင်ရေမြေအလှများ၊ တိုင်းရင်းသားဒေသအခြေပြုခရီးသွားလုပ်ငန်းများအပြင် ရိုးရာအဝတ်အထည်များ၊ ဒေသထုတ်ကုန်များကို နိုင်ငံတကာသို့တင်ပို့နိုင်ရေးတို့အတွက် ရည်ရွယ် ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုပွဲတော်ကဲ့သို့ပင် တိုင်းရင်းသားများ စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ်၊ ရင်းရင်းနှီးနှီး ဆုံဆည်းရာ ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ရာပွဲတော်ဖြစ်ခဲ့သည်ကို အားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ Covid-19 ကမ္ဘာ့ကပ်ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ယခုလိုကာလတွင် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို မြေပြင်မှာကျင်းပခြင်းမပြုလုပ်ဘဲ ရုပ်သံလိုင်းများတွင် ကျင်းပပြုလုပ်ရမည် ဖြစ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအရလည်း အခက်အခဲများဖြင့် ရင်ဆိုင်ရမည် ဖြစ်ပါကြောင်း၊  ဆောင်ရွက်ရမည့်လုပ်ငန်းများ အားလုံးကို လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကျင်းပမည့် ပွဲတော်ကို တိုင်းရင်းသားများအတွက် အကျိုးအမြတ်၊ အသိပညာများရရှိစေရန် ဆောင်ရွက်ရခြင်းဖြစ်ရာ ကောင်းမွန်သော အရာဖြစ်သော်လည်း၊ တိုင်းရင်းသားပြည်သူများ ထိခိုက်စေမည့် အရာများကိုလည်း ရှောင်ရှားရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူများအတွက် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့်ကိစ္စဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ အကျိုးစီးပွား၊ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်၊ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ဒေသထွက်ကုန်များပိုမိုမြှင့်တင်နိုင်ရေး စသည်များကို အထောက်အကူပြုစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးလှမော်ဦးက သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်သည် တိုင်းရင်းသားများ၏ စည်းလုံးညီညွှတ်မှု၊ ရင်းနှီးချစ်ကြည်မှုကို ဖော်ဆောင်ပေးရာ ရောက်ပါကြောင်း၊ ယခုကာလသည် ကိုဗစ်ကာလဖြစ်သည့်အတွက် မြေပြင်တွင် ကျင်းပပြုလုပ် ခြင်းမပြုတော့ဘဲ  Virtual  စနစ်ဖြင့် ကျင်းပပြုလုပ်ပါက တိုင်းရင်းသားများ မပါဝင်မပတ်သက် နိုင်သော်လည်း ယခင်ကဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ပြီး ကဏ္ဍအလိုက် ကျင်းပပါက မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်မည်ဟု ယုံကြည်ပါကြောင်းနှင့် တိုင်းရင်းသား လူမျိုးများအကြား ယုံကြည်မှုများ ပိုမိုတည်ဆောက်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် တာဝန်ရှိသူများက သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ အကျဉ်းချုပ်တင်ပြခဲ့ပါသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေး၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းတင်နှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေး တင်ပြကြရာ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: