ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ် (၄) ၏ (၁/၂၀၂၁) အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၄ ရက်

           ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့ငယ် (၄) ၏ အစည်းအဝေး (၁/၂၀၂၁) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲတွင်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၁၄) နေပြည်တော်၌ Video Conferencing  စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်အပါအဝင် အဖွဲ့ဝင် (၁၁) ဦးတို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်က အဖွင့် အမှာစကားပြောကြားရာ မိမိတို့လုပ်ငန်းအဖွဲ့ ဆွေးနွေးရမည့် အကြောင်းကိစ္စများတွင် စိန်ခေါ်မှုများ ရှိပါကြောင်း၊ Desk Review လုပ်ရန် အတော်အားထုတ်ရမည့် အနေအထား ဖြစ်ကြောင်း၊ အဖွဲ့ဝင်တိုးရန် ကိစ္စရပ်များကို ကော်မတီတွင်ဆွေးနွေးခဲ့ပါကြောင်း၊ ယနေ့အထိ လုပ်ထုံးလုပ်နည်းကိစ္စအပေါ် ဆွေးနွေးသည့် အပိုင်း၌သာ ရှိသေးသည်ဟု ထင်မြင်ပါကြောင်း၊ ဘာသာ ရပ်ဆိုင်ရာကိစ္စရပ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့်သွားသည့် အပိုင်းသို့ မရောက်သေးကြောင်း၊ စကားရပ်များအတွက် အဓိပ္ပာယ် သတ်မှတ်ချက်များ ဖွင့်ဆိုလျှင် ပြဿနာအချို့ ရှိလာနိုင်သည်ကို တင်ပြခဲ့ပါကြောင်း၊ သို့သော် ဥပဒေရေးဆွဲလျှင် အဓိပ္ပာယ်ဖွင့်ဆိုချက်က ရှိကိုရှိရမည် ဖြစ်ပါကြောင်း၊ အကျိုးစီးပွား ဆက်စပ်သူအားလုံး ပါဝင်နိုင်ရန် လုပ်ငန်း၏ Timeline ကာလကို တိုးမြှင့်ခြင်းဖြင့် The Whole Process မှာ ထိခိုက်မှု မရှိနိုင်ပါကြောင်း၊ သို့သော် EAO များနှင့် ထိတွေ့ ဆက်ဆံရမည့်ကိစ္စသည် မိမိတို့ Mandate ထဲတွင် မရှိပါကြောင်း၊ ၂၀၁၀ လယ်ယာမြေ နည်းဥပဒေ ပြင်ဆင်လိုတဲ့ကိစ္စအပေါ် သဘောထားမှတ်ချက်ပေးရန် ကိစ္စ၊ ရွှေ့ပြောင်း တောင်ယာအား မှတ်ပုံတင်နိုင်ရန် ပုံစံ (၇) လျှောက်ထားရေးကိစ္စများတွင် စိန်ခေါ်မှုများ ရှိနိုင်ပါကြောင်းနှင့် ဆက်လက် ဆောင်ရွက်မည့် လစဉ် အစည်းအဝေးများတွင် ဘာသာရပ်ဆိုင်ရာ ကိစ္စရပ် နှစ်ခုသုံးခုခန့် ထည့်သွင်း ဆွေးနွေးနိုင်ရေးနှင့် အချက်အလက် စုဆောင်းသွားရန် လိုအပ်မည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

 

ထို့နောက် ဌာနေတိုင်းရင်းသားများမိတ်ဖက်အသင်းမှ  ဒါရိုက်တာ ဦးကဲယုန်းက အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးတွင်တင်ပြချက်များနှင့် ရန်ပုံငွေလိုအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြ၍ အတွင်း ရေးမှူး ဒေါ်သဉ္ဇာနိုင်၊ ဒုတိယညွှန်ကြားရေးမှူးက အခြားလုပ်ငန်းအဖွဲ့ငယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုနှင့် အဖွဲ့ဝင်များမှ တင်ပြလာသော ရွေ့ပြောင်းတောင်ယာမြေဆိုင်ရာ အကြံပြုချက်များအပေါ် ဆက်လက် ဆွေးနွေးတင်ပြခဲ့သည်။

 

ဆက်လက်၍ အဖွဲ့ဝင်အသီးသီးတို့က ရွှေ့ပြောင်းတောင်ယာမြေဆိုင်ရာ ကိစ္စရပ်များ၊ အဖွဲ့ဝင် တိုးချဲ့ရန်ကိစ္စများ၊ ရန်ပုံငွေရရှိရေးကိစ္စများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခဲ့ကြပြီး  အဖွဲ့ခေါင်းဆောင်ဖြစ်သူ အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်က ကျေးဇူးတင် စကားပြောကြားကာ အစည်းအဝေးကို နေ့လယ် ၃ နာရီ ၄၅ မိနစ်တွင် ရုတ်သိမ်းခဲ့ပါသည်။

(ပြည်ထောင်စုဝန်ကြီးရုံး)

Share: