March 8, 2021 News 0 Comments

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းအခမ်းအနား တက်‌ရောက်

နေပြည်တော် မတ်လ ၈ ရက်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏
လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းအခမ်းအနားကို ယနေ့ နေ့လည် ၁၄:၀၀ နာရီတွင်  နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးအမှတ် ၁၄ ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် မူလ လုပ်ငန်းတာဝန်များကို အရှိန်အဟုတ် မပျက် ဆက်လက်ဆောင်ရွက် သွားဖို့လိုအပ်မှာဖြစ်သလို ဆောင်ရွက်ဆဲနှင့် ရှေ့ဆက် ဆောင်ရွက် ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍ အထက်အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းလိုသည့်ကိစ္စရပ်များ၊ ပံ့ပိုးဆောင်ရွက်လိုသည့်ကိစ္စရပ်များ တင်ပြပေးစေလိုပါကြောင်း၊ မိမိတို့တာဝန်ယူနေသည့်ကာလ အတွင်း ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှသာ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တစ်ခုတည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကိုဗစ်-၁၉ ရောဂါ အသိပညာပေး အချက်အလက်များ နှင့်ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များကို တိုင်းရင်းသား ဘာသာများသို့ ပြန်ဆိုခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး လိုအပ်သည်များကို အကြံပြု သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို Power Point ဖြင့်  ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အထွေထွေဆွေးနွေး တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပြောကြားရာတွင် တိုင်းရင်းသားဘာသာသင် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားမှုနှင့်ပတ်သက်၍ ဒေသခံများအား ဦးစားပေးခန့် ထားရေးနှင့် လစာတိုးမြှင့်ခံစားခွင့်ပြုရေး၊ မှတ်ပုံတင်လျှောက်ထားရာတွင် မျိုးနွယ်စု အမှန်ဖြစ်စေရေး၊ တိုင်းရင်းသားများ၏နေ့ထူးနေ့မြတ်များ ဖော်ထုတ်ကျင်းပနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဝန်ကြီးဌာနတွင် သုတေသန ဌာနခွဲသီးသန့်ထားရှိနိုင်ရေး နှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာ ထား၍ ဆောင်ရွက်ခြင်းကို “မူ” တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ရေး စသည်ဖြင့် နိဂုံးချုပ်အမှာ စကားပြောကြားကာ  ရှင်းလင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Share: