February 9, 2021 News 0 Comments

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ “၂၀၂၁” ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၉ ရက်

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်ရည်ရွယ်၍ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၉) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Covid-19 တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ပထမအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်၌ ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းတွင် တိုင်းရင်းသားများ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၁ ခုနှစ်၊ တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ကို COVID-19 ကြောင့် ကျင်းပပြုလုပ်ခြင်း မပြုလုပ်ပဲ MRTV၊ တိုင်းရင်းသား လူမျိုးများရုပ်သံလိုင်း (NRC)၊ Web portal၊ Webiner (Web program)၊ Facebook platform တို့မှ Virtual Reality နည်းပညာဖြင့် ကျင်းပမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ညွှန်ကြားချက်များနှင့်အညီ ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကို အများပြည်သူများ စိတ်ဝင်တစား ကြည့်ရှုနိုင်ရန်အတွက် အကြိုထုတ်လွှင့်မှုကို ဆောင်ရွက်လျက်ရှိပြီး ရုပ်မြင်သံကြား အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ သောကြာနေ့တွင် စတင်ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို (၂၆-၂-၂၀၂၁)ရက်နေ့တွင် လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကို (၁၂-၃-၂၀၂၁)ရက်နေ့တွင်လည်းကောင်း ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၁ ပွဲတော် အတွက် ပြပွဲများကို အဓိကအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ(၆)ခု စုစုပေါင်း(၁၄)ခုကို အခြေခံ၍ စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ် အစိုးရအဖွဲ့၊ ဥက္ကဋ္ဌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသဦးစီးအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ အနေဖြင့် မိမိတို့ တိုင်းရင်းသားများအလိုက် ပြပွဲများ၊ ဗီဒီယို Clip များ၊ ဒေသဆိုင်ရာ အကြောင်းအရာများ စသည်ဖြင့် ပြသနိုင်ရန်အတွက် လိုအပ်သော ထောက်ပံ့မှုများကို မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍လည်းကောင်း၊ မိမိတို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ညှိနှိုင်း၍လည်းကောင်း ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ တိုင်းရင်းသား များအား COVID-19 ညွှန်ကြားချက်များနှင့်အညီ ပါဝင်လာစေရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုကာလသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့်ကာလ ဖြစ်သည့်အတွက် မြေပြင်တွင် ကျင်းပခြင်းမပြုဘဲ ရုပ်သံများဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ရုပ်သံများဖြင့် ကျင်းပရသည့်အတွက် ရိုက်ကူးရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ Video Clip များကို အချိန်မီပေးပို့ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရိုက်ကူးရေးများ တိုက်ရိုက်ထုတ်လွှင့်မှု(Live) ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူစုလူဝေးမဖြစ်ပေါ် စေရေး၊ ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့် အစီအစဉ် များပြားသည့်အတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိသကဲ့သို့ ပွဲတော်ရက်အတွင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည့်ကိစ္စရပ်များလည်း ရှိလာမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တိုင်းရင်းသားအသင်းအဖွဲ့များနှင့် အချင်းချင်းချိတ်ဆက်၍ ဆောင်ရွက်ပေးကြပါရန်၊ လုပ်ငန်းအောင်မြင်ပြီးမြောက်စေရန်နှင့် တိုင်းရင်းသားများအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ တိုင်းရင်းသားဒေသ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ အကျိုးစီးပွား၊ လူမှုဘဝဖွံဖြိုးတိုးတက်မှု လုပ်ငန်းများ၊ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ဒေသထွက်ကုန်များ ပိုမိုမြှင့်တင်နိုင်ရေး စသည်များကို အထောက်အကူဖြစ်စေရန်  ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုပါကြောင်း၊  ယခင်က ပြည်ထောင်စုနေ့ကို ပြည်ထောင်စုပွဲတော်အဖြစ် ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်းတွင် ဆိုင်ခန်း၊ ပြခန်းများ ဖွင့်လှစ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ပြည်ထောင်စုပွဲတော်အား မကျင်းပနိုင်တော့သည်မှာ နှစ်ပေါင်း (၃၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စုထာဝရငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးသည် ဆက်နွယ်အကျိုးပြုနေပါကြောင်း၊ ယခုအခါ တိုင်းရင်းသားလုပ်ငန်းရှင်များ စုပေါင်းကာ ယခုပွဲတော်ကို တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ Virtual စနစ်ဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြေပြင်တွင် မကျင်းပနိုင်သောအခြေအနေတွင် တိုင်းရင်းသား အားလုံး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး  ညီညီညွတ်ညွတ်ဖြင့် အားလုံးစုပေါင်း၍ ကြိုးစားကြစေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၅၀၀)ကို ပေးအပ်ခဲ့ရာ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က လက်ခံရယူပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက ၂၀၂၁ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် စည်ကားစွာ ကျင်းပလိုပါကြောင်း၊ သို့ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအနေဖြင့် ပွဲတော်ဖြစ်မြောက်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် ကျင်းပခြင်းဖြင့် တိုင်းရင်းသားများ၏ စည်းလုံးညီညွှတ်မှုနှင့် ရင်းနှီးချစ်ကြည်မှုကို ရရှိစေမှာဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော် ကျင်းပရေးစီမံချက်၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှင့် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC)တို့တွင် ပြသမည့် အစီအစဉ်များအား ရှင်းလင်း တင်ပြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁” ပွဲတော်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

Share: