တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီလ (၈) ရက်

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဖေဖော်ဝါရီ (၈)ရက်နေ့ နေ့လယ် (၂:၀၀)နာရီတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းနှင့်အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် မိမိသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခန့်အပ်တာဝန်ပေးချက်အရ ယခုကဲ့သို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါကြောင်း၊ ယခင်အချိန်များကလည်း တိုင်းပြည်၏ တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်ခဲ့ရပါကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသားဖွံ့ဖြိုးတိုး တက်ရေးအတွက်ကြိုးပမ်းလိုက်ပါဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အထူးပြောကြားလိုသည်မှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အလျောက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွင်ပါရှိသည့်အတိုင်း ဥပဒေ ဘောင်အတွင်းနေထိုင်ရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် အမိန့်ညွှန်ကြားချက်များ လိုက်နာရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများစည်းလုံးညီညွတ်မှ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် မိသားစုသဖွယ် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အချုပ်အားဖြင့်ဆိုပါက ဝန်ထမ်းများအနေဖြင့် မိမိ၏ Identity ကို ယုံကြည်ပါ‌ရန်၊ မိမိအနေဖြင့်လည်း တိုင်းရင်းသားများအတွက် ဆောင်ရွက်သွားမည်ဟု ကတိပြုပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လိုအပ်ချက်နှင့် အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများကတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: