ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားတက်ရောက်

နေပြည်တော်၊ မတ်လ  ၂၃ ရက်

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ နာရီတွင်  နေပြည်တော်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် တာဝန်များထမ်းဆောင်ရာတွင် စေတနာထား၍ အကောင်းဆုံးဆောင်ရွက်ကြစေလိုပါကြောင်း၊ Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားမှုနှင့်ပတ်သက်၍ ဒေသခံများအား ဦးစားပေးခန့်ထားရေးနှင့် လစာတိုးမြှင့် ခံစားခွင့်ပြုရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်လည်းကောင်း၊ မှတ်ပုံတင်များလျှောက်ထား ရာတွင် မျိုးနွယ်စုအမှန်ဖြစ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုတွင် မျှော်မှန်းချက်၊ မူဝါဒများ ချမှတ်အကောင် အထည်ဖော်မှသာ  ရည်မှန်းချက်ပန်းတိုင်သို့ လျင်မြန်စွာ ရောက်ရှိနိုင်မည်ဖြစ် ပါကြောင်း၊ ရည်မှန်းချက်များပြည့်ဝအောင်မြင်စေရန် ဝန်ကြီးဌာန၏ လမ်းပြမြေပုံဖြစ်သည့် မဟာဗျူဟာတစ်ရပ်ရှိရန် လိုအပ်သည့် မူဝါဒများရေးဆွဲရန်နှင့် အကောင်အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် မလွဲမသွေ ဆောင်ရွက်ရမည့်ကိစ္စ တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုရေးဆွဲလျက်ရှိသည့် မဟာဗျူဟာပါ ရည်မှန်းချက်က “တိုင်းရင်းသားများအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့် အရေးများရရှိနိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေပါ ရည်ရွယ်ချက်များ နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအတိုင်း ပြည့်ဝအောင်မြင်နိုင်ရေး” ဖြစ်သဖြင့် တိုင်းရင်းသားများအတွက် ဥပဒေပါ အခွင့်အရေးများ ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် မဟာဗျူဟာတစ်ရပ်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မဟာဗျူဟာပါ အခန်းကဏ္ဍများကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အမျှ ဖွံ့ဖြိုးမှုကွာဟချက်များ လျော့နည်း ကျဉ်းမြောင်းလာမည်ဟု မျှော်လင့်ရပါကြောင်း၊ မဟာဗျူဟာရေးဆွဲရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မျှော်မှန်းချက် များနှင့်လည်း ကိုက်ညီရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ရရှိရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားရေးရာကိစ္စရပ်များသည် အရေးကြီး သည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ တိုင်းရင်းသားရေးရာ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပိုမို ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ “မဟာဗျူဟာ” တွင် ပါဝင်သင့်ပါဝင်ထိုက်သည်များ ပြည့်စုံစွာပါဝင်နိုင်ရေး၊ မဟာဗျူဟာ အပြီးသတ်ရေးဆွဲ နိုင်ရေးနှင့် မဟာဗျူဟာ၏သက်တမ်း ဖြစ်သည့် (၂၀၂၁) ခုနှစ် မှ (၂၀၃၀)ခုနှစ် အထိ (၁၀) နှစ်တာ ကာလအတွင်းတွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားပါသည်။

၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် စပ်လျဉ်း၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် ညွှန်ကြားရေးမှူး ဒေါ်သဥ္ဇာနိုင်တို့က Power Point ဖြင့်  ရှင်းလင်းတင်ပြခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာနှင့် ပတ်သက်ပြီး လိုအပ်သည့်အချက်များ ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။

Share: