ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများ ခန့်ထားနိုင်ရေးနှင့် လုပ်အားခများ တိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်   မတ်လ ၂၄ ရက်

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများ ခန့်ထားနိုင်ရေးနှင့် ဆရာ/ဆရာမများ၏ လုပ်အားခများ တိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၃၀ နာရီတွင်  နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေ သင်ကြားနေသည့် ဆရာ/ ဆရာမများအပါအဝင် ဆရာ/ဆရာမများအား အဆင့်နှင့်လျော်ညီစွာ  ပိုမိုထောက်ပံ့ပေးနိုင်ရန်နှင့်  တိုင်းရင်းသားဒေသများ ပညာရည်မြင့်မားရေးအတွက် တိုင်းရင်းသား ဒေသများရှိ ဆရာ/ဆရာမများ အရည်အသွေး မြင့်မားရေး ဆောင်ရွက်ပေးရန် လမ်းညွှန်ချက်အရ ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) အစည်းအဝေးတွင်လည်း  တိုင်းရင်းသားများအနေဖြင့် မိမိဘာသာစကား တတ်မြောက်မှုနှင့် ကျွမ်းကျင်မှု နည်းပါးလာသည့်အတွက်   Language Teacher နှင့် Teaching Assistant များအား အခြေခံပညာကျောင်းများရှိ ဆရာ/ ဆရာမများနည်းတူ လုပ်အားခများ ပိုမိုပံ့ပိုးပေးနိုင်ရန် ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါ လမ်းညွှန်ချက်နှင့် ဆွေးနွေးချက် များအရ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာပြ ဆရာများ ခန့်ထားနိုင်ပါရန်နှင့် Teaching Assistant ဆရာမများ၏ လုပ်အားခများ တိုးမြှင့်ပေးနိုင်ရေး တင်ပြချက်အပေါ် ညှိနှိုင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုင်းရင်းသားများ၏ စာပေသင်ကြားမှုများတွင် ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား များအတွက် တိုင်းရင်းသား ဘာသာစာပေသာမက ကျောင်းသင်ဘာသာရပ်များ   သင်ကြားရာတွင် အထောက်အကူပြု နေ့စားလပေးဆရာ/ဆရာမ Teaching Assistantနှင့် တိုင်းရင်းသားဘာသာသင် Language Teacher များ၏ လျှောက်လွှာများအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ စိစစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ခန့်ထားပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ Teaching Assistant နေ့စားလပေး ဆရာ/ ဆရာမများအနက် အရည်အချင်း ကိုက်ညီသူများကို အမြဲတမ်း ဝန်ထမ်းများအဖြစ် ခန့်ထားပေးလျက်ရှိကြောင်းကိုလည်း သိရှိရပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Teaching Assistant (၄၇၈၃)ဦးနှင့် Language Teacher (၃၇၈)ဦး စုစုပေါင်း (၅၁၆၁)ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Teaching Assistant (၆၉၃၅) ဦးနှင့် Language Teacher (၁၇၅) ဦး စုစုပေါင်း (၇၁၁၀) ဦး ခန့်ထားပေးခဲ့ပါကြောင်း၊  မည်သို့ပင်ဆောင်ရွက်ပေးစေကာမူ အကြောင်းအမျိုးမျိုး ကြောင့် အလုပ်ဝင်ရောက်ရန် ပျက်ကွက်မှုများကိုလည်း တွေ့ရှိရပါကြောင်း၊ အဆိုပါ ပျက်ကွက်သည့်နေရာများတွင် အစားထိုးခန့်ထားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကိုလည်း တွေ့ရှိရပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ပညာရေး ဝန်ကြီးဌာနသို့ တိုင်းရင်းသားဘာသာသင်ကြားနေသည့် အမြဲတမ်းဝန်ထမ်း ဆရာ/ ဆရာမများ နေရာတွင် အစားထိုးခန့်ထားနိုင်ရေး Teaching Assistant/ Language Teacher စုစုပေါင်း (၂၀၅၆)ဦး၏ စာရင်းအား ပေးပို့ထားပြီးလည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစာပေသာမက ကျောင်းသင် ဘာသာရပ်များ သင်ကြားရာတွင် အထောက်အကူပြု နေ့စားလပေး Teaching Assistant ဆရာ/ ဆရာမများသည် နိုင်ငံတော်က သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခလစာ ဖြစ်သည့် (၁)ရက် ၄၈၀ဝိ/- နှုန်းဖြင့် ရရှိခံစားလျက် ရှိသည်ကို သိရှိရပါကြောင်း၊ အဆိုပါ Teaching Assistant ဆရာ/ ဆရာမများအနက် အရည်အချင်းကိုက်ညီသူများကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားပေး လျက်ရှိပြီး ပိုမိုခန့်ထားပေးပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း တိုင်းရင်းသား ဘာသာသင် Language Teacher များအနေဖြင့် ထောက်ပံ့ငွေ ၃၀၀၀ဝိ/- သာ ရရှိသည့်အတွက် အခက်အခဲများရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပြီး အင်မတန်နည်းပါးသည့် ပမာဏဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများအနေဖြင့် မိမိတို့ တိုင်းရင်းသားဘာသာစကား တတ်ကျွမ်းမှု ပိုမိုနည်းပါးလာပါကြောင်း၊ အကြောင်းရင်းမှာ သင်ကြားပေးမည့်သူများ နည်းပါးခြင်း ကြောင့်လည်း ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် သင်ကြားပေးသည့် ဆရာ/ ဆရာမများကို ပိုမိုခန့်ထားပေးခြင်း၊ ပိုမို ပံ့ပိုးပေးခြင်းနှင့် ပိုမိုထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Teaching Assistant/ Language Teacher ဆရာ/ ဆရာမများကို ပိုမိုထောက်ပံ့ နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း နည်းလမ်းများရှာဖွေ၍ ပိုမိုထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းသားများအတွက် Teaching Assistant/ Language Teacher ဆရာ/ ဆရာမများ ပိုမိုခန့်ထားနိုင်ရေး၊ လုပ်အားခ များနှင့် ထောက်ပံ့ငွေများ ပိုမိုထောက်ပံ့နိုင်ရေး၊ တိုင်းရင်းသားဘာသာ စာပေစာအုပ်များ ပိုမို ထောက်ပံ့နိုင်ရေးစသည်များနှင့် အခြားသော တိုင်းရင်းသားရေးရာကိစ္စရပ်များတွင်  ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် တိုင်းရင်းသားများ၏ တိုင်းရင်းသားဘာသာနှင့် စာပေများ ပျောက်ပျက်မှု မရှိစေရေးအတွက် အထောက်အကူပြုစေမည့် တိုင်းရင်းသား ဘာသာသင် Teaching Assistant/ Language Teacher ဆရာ/ ဆရာမများ ပိုမိုခန့်ထားရေးနှင့် လုပ်အားခနှင့် ထောက်ပံ့ငွေများ ပိုမိုတိုးမြှင့်ပေး နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ အနေဖြင့်  အလေးအနက်ထားစဉ်းစား၍ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တက်ရောက်လာကြသူများ အားလုံးအနေဖြင့်လည်း တိုင်းရင်းသားများ အတွက်ရှေးရှုပြီး ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားဘာသာစကား၊ စာပေ သင်ကြားသင်ယူမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊  တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အဓိကကျပါကြောင်း၊ မိမိတို့ပညာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားဘာသာ စကား၊ စာပေ သင်ကြားသင်ယူမှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာသင် ဆရာ ဆရာမများအား လုပ်အားခများ တိုးမြှင့်ခန့်ထားပေးပါက နိုင်ငံတော်ကို ရန်ပုံငွေ ထပ်မံတောင်းခံရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံပထဝီနိုင်ငံရေးအရ လူဦးရေများပြားသည့် အိမ်နီး နားချင်းနိုင်ငံများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများ လွှမ်းမိုးဝင်ရောက်လာနိုင်ပါကြောင်း၊ စကားပျောက်လျှင် ယဉ်ကျေးမှုပျောက်မည်ဖြစ်ပြီး ယဉ်ကျေးမှုပျောက်ပါက လူမျိုးပျောက်မည် ဖြစ် ပါကြောင်း၊ (၂၀၀၈) မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁)  အခြေခံမူ ပုဒ်မ(၂၂) တွင် တိုင်းရင်းသားများ၏ စာပေ၊ စကား၊ ယဉ်ကျေးမှုများကို ဖော်ဆောင်ပေးရန်ဟု ဖော်ပြပါရှိပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း Teaching Assistant/ Language Teacher ဆရာ/ ဆရာမများ၊ ဘုန်းတော်ကြီးသင် ဆရာ/ဆရာမများအား ပိုမိုထောက်ပံ့ပေးနိုင်ရေး လမ်းညွှန်ထားပါကြောင်း၊ ထိုသို့ဖော်ဆောင်ပေးပါက တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မာပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမည်ဖြစ်ပါကြောင်း  ပြောကြားပါသည်။

၎င်းနောက် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်တို့က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများ ခန့်ထားနိုင်ရေးနှင့် Language Teacher(LT) ဆရာ/ဆရာမများ၏ လုပ်အားခများ တိုးမြှင့်ပေးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များတို့က တိုင်းရင်းသားဘာသာစာပေသင် နေ့စားလပေး Teaching Assistant(TA) နှင့် ဘာသာရပ်သင် ဆရာ/ဆရာမ Language Teacher(LT) များ၏ လုပ်အားခများ တိုးမြှင့်ပေးနိုင်ရေးအတွက် အထွေထွေ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: