တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာပညာပေးဟောပြောခြင်းနှင့်ရပ်ရွာအခြေပြုသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကျင်းပ

နေပြည်တော်၊ ဧပြီလ ၈ ရက်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလျက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများ အပါအဝင် သက်ကြီးပင်စင်၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ အခြေခံမူများ နှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ညောင်ပင်ချိုင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော Covid-19 ရောဂါကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နှစ်သုတ်ခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ညောင်ပင်ချိုင်ကျေးရွာ အုပ်ချုပ်‌ရေးမှူး ဦးသိန်းမောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ မိမိတို့ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ  လိုအပ်ချက် စစ်တမ်းကောက်ယူမည့် အချက် အလက်များအားလည်းကောင်း ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းနှင့် ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အို အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒပါ တိုင်းရင်းသားအခွင့်အရေးများအားလည်းကောင်း၊ ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာမူဝါဒစသည်တို့ကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပ‌ဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့် များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

 

ဒုတိယပိုင်းအစီအစဉ်အဖြစ် ညောင်ပင်ချိုင်ကျေးရွာ၊ ကျူတောချိုင်ကျေးရွာ၊ ရေညှင်းချောင်းကျေးရွာ၊ ကုလားတဲကျေးရွာတို့မှ
တက်ရောက်လာသည့် ခမီတိုင်းရင်းသား(၆၃)ဦး၊ ရခိုင်တိုင်းရင်းသား (၁၂)ဦး၊ စုစုပေါင်း တိုင်းရင်းသား (၇၅)ဦးတို့က ရပ်ရွာအခြေပြု
အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ဖြေဆိုခဲ့ကြပါသည်။

ယခုအခမ်းအနားသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်၌ ပြုလုပ်မည့် “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်(၂)ကြိမ်အနက်ပထမအကြိမ် အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: