တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံဆွေးနွေး

စစ်တွေ          ဧပြီ (၃၀)

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဧပြီ (၃၀)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးဝန်ထမ်းများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အရေးပေါ်ကာလဆိုင်ရာအုပ်ချုပ်ရေးကို အချိန်ကာလ (၃)လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ခိုင်မာသည့် ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် လမ်းပြမြေပုံ (၅)ရပ်ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးများတွင် အထူးတလည်မှာကြားသည်မှာ လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန်၊ လျက်ရှိဆောင်ရွက်နေဆဲလုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံးပြီးပြတ်အောင်ဆောင်ရွက်ရန်၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲပြုလုပ်၍ ဖြစ်ပေါ်လာမည့်အစိုးရသစ်အတွက် အဆင်ပြေချောမွေ့အောင် စေတနာထားပြီးဆောင်ရွက်ရန် လိုပါကြောင်း၊ ဆက်လက်ပြီးတော့လည်း မိမိတို့ဝန်ကြီးဌာနရဲ့ ကချင်၊ မကွေး၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်ရုံး ရုံးအဆောက်အအုံသစ်များကို ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အမည်နာမကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဟု သတ်မှတ် ထားသည့်အတွက် အခြားဝန်ကြီးဌာနများနှင့် လုပ်ငန်းသဘာဝ ပိုမိုထူးခြားပြီး မိမိတို့ တိုင်းရင်းသား အတွက် လုပ်ငန်းပိုမိုဆောင်ရွက်ရသော ဌာနဖြစ်ပါကြောင်း၊ မိမိတို့တိုင်းရင်းသားများ အားလုံး စည်းစည်းလုံးလုံးရှိဖို့လိုပါကြောင်း၊ ထိုသို့စည်းလုံးမှုမရှိလျှင် တည်ငြိမ်မှုမရှိ ငြိမ်းချမ်းမှုရှိမည် မဟုတ်ပါကြောင်း ဒါကြောင့် စည်းစည်းလုံးလုံးနေခြင်းသည် အဓိကအချက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့လိုပါကြောင်း၊ ဤဒေသကို ပိုမိုစည်းလုံးပြီး ဖွံ့ဖြိုးတိုးတက်အောင် မိမိဆန္ဒရှိပါကြောင်း၊ တိုင်းရင်းသားများ၏ အဓိကဆန္ဒဖြစ်သော မျှမျှတတနှင့် တန်းတူညီမျှမှု ရရှိရေးအတွက် မိမိတို့ဆောင်ရွက်နေပါကြောင်း၊ စုပေါင်းညီညာမှုမှသည် ငြိမ်းချမ်းရေးဆီသို့ ငြိမ်းချမ်းရေးဆီမှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဆိုသည့်အတိုင်း စုပေါင်းအင်အားဖြင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမျိုးဘာသာ၊ စာပေ၊ စကား ပျောက်ပျက်ပါက လူမျိုးပါ ပျောက်မည်ဖြစ်၍ မိမိတို့၏ စကား၊ စာပေ ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိန်းရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိုကဲ့သို့ လူမျိုးမပျောက်အောင် တိုင်းရင်းသားများ၏ စကား၊ စာပေ ယဉ်ကျေးမှုနှင့် အခွင့်အရေးတို့ကို ထိန်းသိမ်းကာကွယ်ပေးမည့် ဝန်ကြီးဌာနတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ခန့်အပ်လျက်ရှိသော တိုင်းရင်းသားဘာသာသင် TA / LT များ၏ လုပ်အားခနှင့်ထောက်ပံ့ငွေများ တိုးမြှင့်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ မိမိတို့လူမျိုး အကျိုးစီးပွားကို ဦးတည်ချက်ထား ဆောင်ရွက်သွားရန်လိုပါကြောင်း၊ မိမိတို့ဒေသလိုအပ်ချက်များကို ကြိုးကြောင်းခိုင်လုံစွာဖြင့် မိမိတို့ညွှန်ကြားရေးမှူးရုံးမှတစ်ဆင့် တင်ပြစေလိုပါကြောင်း၊ ဖြစ်နိုင်သည့်၊ လုပ်နိုင်သည့် ကိစ္စရပ်များကို အရင်စလုပ်ရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက် ဝမ်းမြောက်စကား ပြောကြားပါသည်။

          ၎င်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်(သက္ကမ)၊ မရမာကြီး၊ အရှို(ချင်း)၊ စုမ်းတူ(ချင်း)၊ လေးတူ(ချင်း)၊ ဥ(ပ်)ပူးချင်းနှင့် လောက်တူချင်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက အထွေထွေဆွေးနွေးတင်ပြကြပြီး ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဖြည့်စွက်ရှင်းလင်းပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ကြပါသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုလို လိုအပ်ချက်များကို ကြားသိရသည့်အတွက် မိမိအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့်ကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များအတွက် အခြားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးရုံးများမှ တစ်ဆင့်လည်း အချက်အလက်ပြည့်ပြည့်စုံစုံဖြင့် တင်ပြ နိုင်သည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးဝန်ထမ်းများနှင့် တွေ့ဆုံကာ  စံပြရုံးအဖြစ် ဂုဏ်ပြုပြီး ဝန်ထမ်း များအား ထောက်ပံ့ငွေပေးခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: