တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

စစ်တွေ        မေလ (၁)

  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက် အအုံသစ်ဖွင့်ပွဲအခမ်းအနားကို မေလ (၁) ရက်နေ့၊ နံနက် (၉:၃၀)အချိန်တွင် စစ်တွေမြို့၊ ဘုမေရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အဆိုပါ ရုံးအဆောက်အအုံသစ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြပါသည်။

   ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် ရပ်မိရပ်ဖတစ်ဦးတို့က ရုံးအဆောက်အဦ ဆိုင်းဘုတ်အား ရခိုင်စည်တော်အဖွဲ့၏ စည်တော်တီးခတ် ဂုဏ်ပြုခြင်းနှင့်အတူ ရုံးအဆောက် အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။  ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ရုံးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွေးနံ့သာရည်များ ပျက်ဖြန်းပေးကြကာ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြပါသည်။ ၎င်းနောက် ရုံးအဆောက်အဦသစ်နှင့် ခင်းကျင်းပြသ ထားသော တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ၊ တိုင်းရင်းသားဒေသ မှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးကြပါသည်။

   ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ရုံးအဆောက်အဦသစ်ကို ဖွင့်လှစ်နိုင်ခြင်းဟာ မိမိတို့ဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအတွက် ဂုဏ်ယူဝမ်းမြောက်စရာ နေ့တစ်နေ့ လည်းဖြစ်ပါကြောင်း၊ ဒီရုံးအဆောက်အဦသစ်ဟာ ဝန်ကြီးဌာန အုပ်ချုပ်မှုအောက်မှာရှိတဲ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ရဲ့ ညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ်ထားရှိပြီး ရခိုင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ကိုးကွယ်သည့်ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးများ ရရှိရေးတို့အပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်ထဲမှ လူမှုရေး ဦးတည်ချက်ထဲကပါတဲ့ “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး” ဟူသော ဦးတည်ချက်နဲ့အညီ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ တိုင်းရင်းသားများ အားလုံးအရေးကိစ္စအတွက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ အောင်မြင်ပြီးမြောက်အောင် အနီးကပ် စီမံဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊

  ရခိုင်ပြည်နယ်ရဲ့ ပထဝီအနေအထားအရဆိုလျှင် လူဦးရေများပြားတဲ့ အိမ်နီးချင်းနိုင်ငံတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများ လွှမ်းမိုးဝင်ရောက် နိုင်သည်ကို သတိပြုစေချင်ပါကြောင်း၊ စကားပျောက်ရင် ယဉ်ကျေးမှုပါ ပပျောက်မည်ဖြစ်ပြီး ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါ ပျောက်သွားနိုင်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူ ပုဒ်မ ၂၂ တွင် “တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများကို ဖော်ဆောင်ပေးရန်” လို့ဖော်ပြ ထားပါကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများ ပိုမိုမြှင့်တင်ထိန်း သိမ်းစောင့်ရှောက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင် (Teaching Assitant – TA / Language Teacher – LT) ဆရာ/မများ စိစစ်ခန့်အပ်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ခုနှစ်တွင် TA (၁၄၅) ဦး၊ LT (၅) ဦး၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် TA (၁၄၈၂) ဦး ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် TA လျာထား (၁၆၄၉)ဦးအတွက် အဆိုပြု လျှောက်ထားသူ ရခိုင် (၉၀၂၁) ဦး၊ ချင်း (၁၆) ဦး၊ ဗမာ (၁) ဦး စုစုပေါင်း (၉၀၃၈) ဦးတို့ရဲ့ လျှောက်လွှာများကို စိစစ်လက်ခံခဲ့ပြီး ခန့်အပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ TA/LT ဆရာ/မများ ပိုမိုခန့်ထားနိုင်ရေး၊ လုပ်အားခနှင့်ထောက်ပံ့ငွေများ ပိုမိုထောက်ပံ့နိုင်ရေးတို့ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က (၁၅.၃.၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) တွင် လမ်းညွှန်မှာကြားခဲ့သည့်အတွက် (၂၄.၃.၂၀၂၁) ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနကနေ နိုင်ငံတော်ရန်ပုံငွေ ထပ်မံတောင်းခံနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများ သို့လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် စာပေသင်ကြားခွင့် တရားဝင်ရရှိပြီးဖြစ်သော တိုင်းရင်းသား ဘာသာဖြင့် ရေးသားထားသော ပုံပြပုံပြင်စာအုပ်များကို ဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် စာအုပ်ပေါင်း (၉၀၆၁၄)အုပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ် အတွက် (၉၀၆၁၄)အုပ် ဖြန့်ဝေပေးခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်အတွက်လည်း ဆက်လက် ဖြန့်ဝေပေးသွားမှာဖြစ်ပါကြောင်း၊

      မိမိတို့ ဝန်ကြီးဌာနဟာ “ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓါတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်” ရည်မှန်းချက်များ ထားရှိကာ နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒများ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတော်တွင် ကျင့်သုံးနေသည့်မူဝါဒများ၊ မိမိတို့နဲ့ လုပ်ငန်းဆက်စပ်ဆောင်ရွက်ရတဲ့ အခြား ဝန်ကြီးဌာနများရဲ့ မူဝါဒများနဲ့ချိတ်ဆက်ပြီး  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့်ဥပဒေပါပြဌာန်းချက်များ၊ မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ( Myanmar Substainable Development Plan – MSDP) တို့နှင့်အညီ မူဝါဒများချမှတ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီလိုမူဝါဒတွေ ချမှတ်ပြီး တိုင်းရင်းသားရေးရာ ကိစ္စရပ်များဖြစ်တဲ့ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ် သည့်ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝ ရရှိရေးတို့အပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှာ ညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ်ခဲ့ပြီး ယခုဖွင့်လှစ်လိုက်တဲ့ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးဟာ (၁၀)ရုံးမြောက် ရုံးအဆောက်အဦသစ် ဖြစ်ပါတယ်။ ယခုလို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ ညွှန်ကြားရေးမှူးရုံး များတည်ဆောက်ရခြင်းမှာ တိုင်းရင်းသားမျိုးနွယ်စုများအားလုံး  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အတွင်းတွေမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုများ အနေဖြင့် တိုင်းရင်းသား များအားလုံး ဆုံစည်းရာ (Ethnic Communication Center – ECC) နေရာတစ်ခုဖြစ်ရန် ရည်ရွယ် တည်ဆောက်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာနေ ထိုင်ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုများ အနေနဲ့ မိမိတို့ရဲ့ စာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ၊ မိမိတို့ရဲ့ နေ့ထူးနေ့မြတ် အခမ်းအနားများ၊ အစည်းအဝေးများ၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒီရုံးအဆောက်အဦမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း/ စည်းကမ်းများနဲ့အညီ အချိန်မရွေး လွတ်လပ်စွာ လာရောက်ကျင်းပနိုင်ပါကြောင်းကို သတင်းကောင်းပါး ပြောကြားလိုပါကြောင်း၊

       ရခိုင်ပြည်နယ်အတွင်းမှာ မှီတိုင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို အပေါင်းတို့အနေဖြင့် ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး ခိုင်ခိုင်မာမာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်တဲ့အတွက် မိမိတို့လူမျိုးရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးလို့ပဲဖြစ်ဖြစ်၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးဖြစ်တဲ့ ရေ၊ မီး၊ လမ်း၊ တံတား၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်း လိုအပ်ချက်များ ရှိလို့ပဲဖြစ်ဖြစ် ဤရုံးနဲ့ဆက်သွယ်ပြီး တင်ပြအသိပေးစေလိုပါကြောင်း၊ ပြည်နယ်ရုံးက ဆောင်ရွက်လို့မရသည့် ကိစ္စရပ်များဆိုလျှင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံတင်ပြပြီး ၎င်းတို့မှ တစ်ဆင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်ဆိုတာ ပြောကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများဟာ နေထိုင်ရာဒေသ၊ စကား၊ စာပေ၊ ကိုးကွယ်ယုံကြည်မှုများ မည်သို့ပင်ကွဲပြားစေကာမူ အချင်းချင်း စည်းလုံးကြပါ၊ ညီညွတ်ကြပါ၊ သင့်သင့် မြတ်မြတ်နေထိုင်ကြပါ၊ “အရေးကြီးရင် သွေးနီးကြပါ၊ နွားကွဲရင်ကျားဆွဲ” ခံရမှာ ဆိုတဲ့စကားပုံအတိုင်း ဥမကွဲ၊ သိုက်မပျက်ဘဲ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ ပြည်ထောင်စုကြီး ထာဝရအစဉ်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြပါစို့လို့  တိုက်တွန်းမှာကြား လိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          ၎င်းနောက် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်းက အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်တွင် ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန်၊ ချင်း စသည့်တိုင်းရင်းသားများဟာ အေးအတူပူအမျှ စုပေါင်းနေထိုင်လျက်ရှိကြပါကြောင်း၊ ဖော်ပြပါ လူမျိုးစုများ၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ တရားဝင်အခွင့်အရေးများရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမှုများ ပိုမိုဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ ရခိုင်ပြည်နယ်သည် ပိုမိုအေးချမ်းသာယာလာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း ပိုမိုအောင်မြင်လာလိမ့်မည်လို့ အပြည့်အဝယုံကြည်ပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များသို့ နှစ်စဉ်ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ရခိုင် ပြည်နယ်အုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှတစ်ဆင့် ဒိုင်းနက်(သက္ကမ) တိုင်းရင်းသားတို့၏ ၂၀၂၁ ခုနှစ်သင်္ကြန် ဘီဇူးမေလာပန်းမျှောပွဲကျင်းပပြုလုပ်ရန် ငွေကျပ် (၅၄)သိန်းနှင့် ဧပြီလ (၂၇)ရက်နေ့တွင် ကျင်းပခဲ့သည့် ခမီအမျိုးသားနေ့အတွက် ငွေကျပ် သိန်း(၂၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ထပ်မံ၍လည်း ကျန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ထပ်မံတောင်းခံလာပါက စိစစ်ပြီး ကူညီထောက်ပံ့မှုများ ပေးအပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

    ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးတို့က ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတက်ရောက်လာသူများအား ရုံးအဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

             ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် စစ်တွေမြို့ (View Point) နှင့် ပင်လယ်ကမ်းခြေများကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စစ်တွေဆိပ်ခံတံတားသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

Share: