တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် Covid-19 ကပ်ရောဂါကာလအတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ယာယီပိတ်ထားခြင်းမှ ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်

ရန်ကုန်        မေ (၂)

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သည် Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ မေလ (၂)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အထူးဖိတ်ကြားထားသူများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြပါသည်။

        ဖွင့်ပွဲအခမ်းအနားသို့ ပြန်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် သမိုင်းအစဉ်အဆက်မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓါတ် ပိုမိုကိန်းအောင်းခိုင်မာလာစေပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင် ဖွင့်လှစ် ခဲ့သည်မှာ (၂၈.၁၂.၂၀၀၂)ခုနှစ်က ဖြစ်သည့်အတွက် ယခုဆိုလျှင် (၁၉)နှစ် ကျော်ပြည့်မြေက် ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုလက်ရှိဖြစ်ပွားနေသော COVID-19​ ကပ်ရောဂါများကြောင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားသည့် (၂၄.၃.၂၀၂၀) ရက်နေ့မှစ၍ အများပြည်သူများ၏ ကျန်းမာရေးအလို့ငှာ ခေတ္တပိတ်ထားခဲ့သည်မှာ (၁)နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယခုအခါ အများပြည်သူများ လေ့လာအပန်းဖြေနိုင်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19​ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ယနေ့မှစ၍ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) ပြန်လည်ဖွင့်လှစ်မည်ဆိုပါက တိုင်းရင်းသားများ၏ ရိုးရာ ပွဲတော်များကို နှစ်စဉ်ကျင်းပခဲ့သည့်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွင် ဖျော်ဖြေရေးပွဲများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) အဖွဲ့များတို့နှင့် ပူးပေါင်း၍ ပြည်ထောင်စုခန်းမတွင် ဖျော်ဖြေရေးပွဲများ တင်ဆက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အများပြည်သူများ လေ့လာအပန်းဖြေ နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19​ ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ အများပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနားယူ နိုင်တော့မည့် နေရာဖြစ်သည့်အတွက် များစွာဝမ်းသာ ပျော်ရွှင်ဂုဏ်ယူမိပါကြောင်းဖြင့် ပြောကြားခဲ့ ပါသည်။

        ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခု ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ကို ၁၉၉၈ ခုနှစ်ခန့်တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနက စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ပြီးမြောက်ခဲ့ပြီး စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊  ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၏ အဓိကရည်ရွယ်ချက်သည်  မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ စာပေ၊ ရိုးရာယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားများက တစ်နေရာ တည်းတွင် လေ့လာသိရှိနိုင်ရန်နှင့် တိုင်းရင်းသားအသီးသီးတို့၏ ရိုးရာဓလေ့ထုံးစံများကို လေ့လာသိရှိခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ ချစ်ကြည် ရင်းနှီးမှုများ ဖြစ်ပေါ်ကာ ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ထားခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဌေးအောင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။

         ဆက်လက်ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံ ဦးမျိုးဝင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ပြန်လည်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များတို့က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) မုဒ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ နန်းမြင့်မျှော်စင်၊ တိုင်းရင်းသားရိုးရာနေအိမ်များ၊ ဆိပ်ခံဘောတံတား တည်ဆောက်မည့်နေရာနှင့် လမုတောတို့ကို လှည့်လည်ကြည့်ရှုကြပါသည်။

        ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မိမိတို့ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးခန့် စုစည်းနေထိုင်ကြပြီး ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် မိမိတို့တိုင်းရင်းသားများအားလုံးသည် စည်းစည်းလုံးလုံးရှိဖို့လိုပါကြောင်း၊ ထိုသို့ စည်းလုံးမှုမရှိလျှင် တည်ငြိမ်မှုပျက်ပြားကာ ငြိမ်းချမ်းမှု လည်းရှိမည် မဟုတ်ပါကြောင်း ဒါကြောင့် စည်းစည်းလုံးလုံးနေခြင်းသည် အဓိကအချက် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့်ဝန်ထမ်းများအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ ပြည်ထောင်စုစိတ်ဓါတ်မွေးမြူဆောင်ရွက်ရန်လိုပါကြောင်း၊ သုတေသနစစ်တမ်း များအရ လူမျိုးစုပေါင်း (၅၀၀၀) ကျော်ခန့်သည် နှစ်စဉ် လူမျိုးစု (၂၅)မျိုးကျော်ခန့် ပျောက်ကွယ် လျက်ရှိပါကြောင်း၊ နောင် နှစ်ပေါင်း (၂၀၀) ကျော်လျှင် လူမျိုးစုအားလုံး ပျောက်ကွယ် သွားနိုင်ကြောင်း၊ ထိုပျောက်ကွယ် သွားနိုင်မည့်အထဲတွင် မိမိတို့ မြန်မာနိုင်ငံရှိ တိုင်းရင်းသား မျိုးနွယ်စုများ ပါမသွားဖို့မှာ မိမိတို့ တိုင်းရင်းသားကိုယ်တိုင်သာ ထိန်းသိမ်းကာကွယ်ဖို့ အဓိကကျ ပါကြောင်း၊ လူမျိုးမပပျောက်အောင် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် အနုပညာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက အထွေထွေဆွေးနွေးတင်ပြကြပြီး ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ အရာထမ်း၊ အမှုထမ်း များနှင့် တွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

        မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ကမာရွတ်မြို့နယ်၊ ဉယျာဉ် လမ်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (၉)ဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လမ်းညွှန်အမှာစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လမ်းညွန်အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက အထွေထွေ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်တို့က ပြန်လည်ဆွေးနွေးကာ လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ကာ အခမ်းအနားကိုရုပ်သိမ်း ခဲ့ကြောင်းသိရှိရပါသည်။
 

Share: