ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသား ခေါင်းဆောင်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်      မေ (၁၂)

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် မေလ (၁၂)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြိုတိုင်းရင်းသားခေါင်းဆောင် ဦးစံသာအောင်နှင့်အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။

          တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိသည် မကြာသေးမီကာလအတွင်းတွင် ဒုတိယဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်သို့ ခရီးစဉ်သွားရောက် ခဲ့ပြီး ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာသင် နေ့စားလပေး (TA/ LT) ဆရာ/ဆရာမများ ဆက်လက်ခန့်ထားပေးနိုင်ရေးနှင့် ပုံပြပုံပြင်စာအုပ်ဆက်လက် ဖြန့်ဝေ ပေးမည့်ကိစ္စများ၊ တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ တတ်နိုင်သည့်ဖက်မှလည်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါကြောင်း၊ ယခုလာရောက်ဆွေးနွေးသည့်တာဝန်ရှိသူများ အနေဖြင့် မိမိတို့ တိုင်းရင်းသားအရေးနှင့်ပတ်သက်လျှင် အချိန်မရွေး လွတ်လပ်စွာ လာရောက် ဆွေးနွေးနိုင်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          ၎င်းနောက် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားခေါင်းဆောင် ဦးစံသာအောင်နှင့်အဖွဲ့တို့က မြိုတိုင်းရင်းသားစာပေအား အခြေခံပညာကျောင်းများတွင် တရားဝင် သင်ကြားခွင့်ရရှိနိုင်ရေး၊ တိုင်းရင်းသားဘာသာသင် နေ့စားလပေး ( TA / LT )  ဆရာ/ဆရာမများ ခန့်ထားပေးနိုင်ရေး၊ မြို တိုင်းရင်းသားစာပေကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပါသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် မြိုတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် တိုင်းရင်းသား စာပေ များအား အခြေခံပညာကျောင်းများတွင် တရားဝင် သင်ကြားခွင့်ရရှိနိုင်ရေးအတွက်သည် စာပေ ကိစ္စနှင်ပတ်သက်၍ သက်ဆိုင်ရာ မြိုတိုင်းရင်းသားလူမျိုးစုများ၏ ဘုံသဘောတူစာပေ ရရှိရန် လိုအပ်မည်ဖြစ်ပြီး ၎င်းစာပေကို သက်ဆိုင်ရာ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည် ပြုချက်ရရှိရန်လိုအပ်ပါကြောင်း၊ ထိုအချက်များပြည့်စုံပါကမိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ပညာရေးဝန်ကြီးဌာနက တရားဝင် သင်ကြားခွင့်ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက တရားဝင်သင်ကြားခွင့်ပြုပြီး ပါက တိုင်းရင်းသားဘာသာသင် နေ့စားလပေး TA / LT ဆရာ/ဆရာမ မျာကိုလည်း ခန့်ထား ပေးမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားခေါင်းဆောင် ဦးစံသာအောင်နှင့်အဖွဲ့တို့က အထွေထွေဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် မိမိတို့၏ စာပေနှင့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါကြောင်း၊ မြိုတိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ဘုံစာပေ (သို့မဟုတ်) မြိုစာပေခိုင်ခိုင်မာမာ တည်ရှိနိုင်ရန်အတွက် မြိုတိုင်းရင်းသားမျိုးနွယ်စု ညီလာခံခေါ်ယူကျင်းပပြီး စာပေယဉ်ကျေးမှုကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်သင့်ပါကြောင်း၊ မိမိမျိုးနွယ်စု၏ စာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များကို အခြားတိုင်းရင်းသားမျိုးနွယ်စုများသော်လည်းကောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက သော်လည်းကောင်း ဝင်ရောက်စွက်ဖက် ဆုံးဖြတ်ပေး၍မရပါကြောင်း၊ မြိုတိုင်းရင်းသားများအားလုံး လက်ခံသောစာပေအတည်ဖြစ်ပါက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

Share: