ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ငါးယောက်ကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကျင်းပပြုလုပ်

နေပြည်တော်   မေ (၁၃)

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို (၁၃.၅.၂၀၂၁) ရက်နေ့၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ငါးယောက်ကိုင်းကျေးရွာအုပ်စု၊ ငါးယောက်ကိုင်းကျေးရွာတွင် ကျင်းပခဲ့ပါ သည်။

အခမ်းအနားကို နံနက်(၁၁)နာရီတွင် စတင်ပြီး ငါးယောက်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင် က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက ဝန်ကြီးဌာန အကြောင်းမိတ်ဆက်ခြင်း၊ နိုင်ငံသားအခွင့်အရေးများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ၊ လူ့အခွင့် အရေးများနှင့် ဖယ်ဒရယ်အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်တို့ကိုလည်းကောင်း ရှင်းလင်းပြီးနောက် ရပ်ရွာအခြေပြု အသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းကောက်ယူပြီး စစ်တမ်းဖြေဆိုသူ တိုင်းရင်းသားလူငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ ဟောပြောရှင်းလင်းခဲ့ပါသည်။

အခမ်းအနားတွင် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ(၁၇)ဉီး၊ ရပ်မိရပ်ဖများ(၁၁)ဉီး၊ စစ်တမ်း ဖြေဆိုသူ ဒေသခံမြိုတိုင်းရင်းသား လူငယ်(၇၈)ဉီး၊ စုစုပေါင်း(၁၀၆)ဉီး တက်ရောက်ကြပြီး ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ ဘုန်းတော်ကြီးကျောင်း တို့တွင် (၅၀)ဉီးစီကို နေရာချထား ဟောပြောခဲ့ကြပါသည်။

ယခုအစီအစဉ်သည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဒုတိယအကြိမ် ကျင်းပသည့် အစီအစဉ်ဖြစ်ကြောင်း သိရှိရပါသည်။
 

Share: