ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားလူမျိုးများ၏  အမည်နာမမှည့်ခေါ်ပုံအကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့တက်ရောက်

နေပြည်တော်           မေ (၂၀)

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနက

တိုင်းရင်းသားလူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံအကြောင်း  ရှင်းလင်းတင်ပြသည့် အခမ်းအနားကို မေလ (၂၀) ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာန အတွင်းရှိ အရာထမ်းများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ ၁၃၅ မျိုးရှိရာ မျိုးနွယ်စုများသည် တစ်ခုနှင့်တစ်ခု ဆက်နွယ် နေကြပါကြောင်း၊ မိမိတို့၏ လူမျိုးများအကြောင်းသာမက အားလုံးသောလူမျိုးများ အကြောင်းကို ဂဃနဏ သိရှိသင့်ပါကြောင်း၊ လူဖြစ်လာပါက အမည်မှည့်ခေါ်ရပါကြောင်း၊ လူမျိုးတိုင်းတွင် အမည် မှည့်ခေါ်ကြပုံများသည်  လူမျိုးတစ်မျိုးနဲ့တစ်မျိုး  တူညီမှုမရှိပဲ စိတ်ဝင်စားစရာ ကောင်းပါကြောင်း၊ လူမျိုးတစ်မျိုး၏အသက်သည် စာပေနှင့်ယဉ်ကျေးမှုဟု သမုတ်လျှင် ယင်းလူမျိုး၏အသဲနှလုံးသည် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာဟုသမုတ်နိုင်ပါကြောင်း၊  အဘယ်ကြောင့်ဆိုသော် လူမျိုးတစ်မျိုး၏ ရိုးရာ ဓလေ့သည် ၎င်းတို့၏ဝိသေသလက္ခဏာကို ဖော်ညွှန်းနေကြခြင်းကြောင့်ဖြစ်ပြီး လူမျိုးတစ်မျိုး ရေရှည် တည်တံ့နေရန်မှာ စာပေနှင့်ယဉ်ကျေးမှုသည် အဓိကကျသလို ရိုးရာဓလေ့ထုံးတမ်းစဉ်လာသည်လည်း အရေးကြီးသည့့်အခန်းကဏ္ဍက ပါဝင်သည်ကို အလေးအနက်ထား ပြောကြားလိုပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် ပါရှိသော လူမှုရေးဦးတည်ချက်တွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာ များကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့့်အချက်လည်းပါဝင်နေပြီး မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ထို့သို့ အကောင်အထည်ဖော်ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကို အခြေခံရမည်ဖြစ်ပြီး လိုအပ်သည့်နည်းပညာများ၊

ငွေရေးကြေးရေးအထောက်အပံ့များ၊   အသိပညာများပေးရမည်ဖြစ်ပါကြောင်း၊   နိုင်ငံတော်အစိုးရ အဖွဲ့အစည်း၊    ပြည်နယ်နှင့်တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီများထံမှ         အကူအညီ  အထောက်အပံ့များရရှိနိုင်ရေး ဆက်စပ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ရပ်ရွာအခြေပြုခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပေးခြင်းအားဖြင့်      ထိုဒေသရှိ     တိုင်းရင်းသားများ၏ စားဝတ်နေရေး ပြေလည် ရေး၊  အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို အထောက်အကူပြုစေပြီး ၎င်းတို့၏ ရိုးရာဓလေ့ကို ထိန်းသိမ်း စောင့်ရှောက်လိုစိတ်များ တိုးပွားလာစေရန်  ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊  မိမိတို့ဝန်ထမ်းများ အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏အကျိုးကို ထမ်းဆောင်ရင်း တစ်ဖက်ကလည်း မိမိတို့၏ အရည်အသွေးများ ထက်မြက်နေစေရန် အမြဲတမ်းကြိုးစားနေကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ ပါသည်။

၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က

ကမ္ဘာပေါ်တွင် အမည်နာမမှည့်ခေါ်သည့်စနစ်မျိုးစုံရှိပါကြောင်း၊ အမည်နာမသည် အလွန်အရေးကြီး ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏  အမည်နာမမှည့်ခေါ်ပုံအကြောင်းကို ရှင်းလင်းတင်ပြခြင်းသည် ကောင်းမွန်သောရည်ရွယ်ချက်ဖြစ်ပြီး နောင်တွင် တိုင်းရင်းသားများလူမျိုးများအတွက် သမိုင်းမှတ်တမ်း တစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က တိုင်းရင်းသားလူမျိုးများ၏  အမည်နာမမှည့်ခေါ်ပုံစာတမ်း သုတေသနပြုဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍  လွန်ခဲ့သော (၂) နှစ်ကျော်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ရပါကြောင်း၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (၉၅) ဖွဲ့နှင့်ချိတ်ဆက်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုစာအုပ် မူကြမ်းတွင် တိုင်းရင်းသားမျိုးနွယ်စု (၈၅) မျိူး၏အမည်နာမမှည့်ခေါ်ပုံများကိုသာ အတည်ပြုချက် ရယူ၍ပြုစု ထားခြင်းဖြစ်ပါကြောင်း  ရှင်းလင်းတင်ပြပါသည်။

ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေလဲ့ရည်ဦးက ကချင်တိုင်းရင်းသားမျိုးနွယ်စုတွင် ပါဝင်သော ကချင်တိုင်းရင်းသား(၆) မျိုးနှင့် ကယားတိုင်းရင်းသားမျိုးနွယ်စုတွင် ပါဝင်သော ကယားတိုင်းရင်းသား (၉) မျိုးတို့၏ အမည်နာမ မှည့်ခေါ်ပုံများကို  Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ယခုကဲ့သို့ ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြခြင်းအပေါ် ကျေနပ်အားရမှုရှိပါကြောင်း၊ ကျန်ရှိနေသေးသော တိုင်းရင်းသားမျိုးနွယ်စု များအကြောင်းကိုလည်း ဆက်လက်၍ ရှင်းလင်းတင်ပြစေလိုကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့၏တာဝန်များကို စေတနာထား၍ ကြိုးစား ဆောင်ရွက်ကြရန်နှင့် အဓိကအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားကာ ရှင်းလင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: