တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးဝန်ထမ်းများအား တွေ့ဆုံမှာကြား

နေပြည်တော် ဇွန်   ၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၁၀:၃၅ မိနစ်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိလာရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုပြခန်းအား လေ့လာကြည့်ရှု၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများနှင့် ယခုလို ဆုံဆုံညီညီ တွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏လမ်းညွှန်ချက် ချမှတ်ထားသည့်အတိုင်း ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို အချိန်မီ ပြီးပြတ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါတွင် မိမိတို့၏ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အအုံ သစ်ကို ၂၀၂၁ ခုနှစ် မေလတွင် စည်းကားသိုက်မြိုက်စွာဖြင့် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ လက်ရှိ နိုင်ငံတော်အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းသွားသည့်အခါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဤအချက်ကို ဝန်ထမ်းများအနေဖြင့် မိမိတို့ကိုယ်တိုင် သိရှိနားလည် သဘောပေါက်ယုံသာမက မိမိတို့၏ ရင်သွေးကလေးများကို အသိ ပညာပေးထားရမှာဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်များဖြစ်သဖြင့် ပညာရှိဖို့ လိုကြောင်း၊ ဤအသိကို မိမိတို့ဝန်ထမ်းများက မိသားစုအတွင်း ဖြန့်ဝေပေးထားဖို့လိုပါကြောင်း၊ မိမိတာဝန်ယူထားသည့် အချိန်ကာလအတွင်း လုပ်ပေးနိုင်သမျှ လုပ်ပေးခဲ့မှာဖြစ်ကြောင်း၊ ဝန်ထမ်း များကိုလည်း ရာထူးတိုးမြှင့်ရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တစ်ဖက်မှာလည်း မိမိဝန်ထမ်းများကို လမ်းမှားမရောက်စေရန် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့၏ စေတနာကို ဝန်ထမ်းများကလည်း နားလည်သဘောပေါက်ရန်လိုကြောင်း၊ ဝန်ထမ်းများသည် ဝန်ထမ်းစည်းကမ်းကို ချိုးဖေါက်လို့ မဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ စည်းကမ်းများကို လိုက်နာ ကြရမှာ ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအား တိုးမြှင့်ခန့်ထားမည့်ရာထူးအတွက် အရည်အချင်းများ ပြည့်ဝနေရန်လိုကြောင်း၊ မိမိ၏ အရည်အသွေးကို တိုးတက်နေစေရန် တည်ဆောက် ကြရမှာဖြစ်ကြောင်း၊ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန်အတွက်လည်း ဌာနအနေဖြင့် သင်တန်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် တို့ကို သိရှိနားလည်သဘောပေါက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့် ဝန်ထမ်း စည်းမျဉ်းနှင့်အညီ နေထိုင်လုပ်ကိုင်ကြပြီး မိမိအရည်အသွေး တိုးတက်နေစေရန်အတွက် ကိုယ်တိုင် တည်ဆောက်ကြရန်နှင့် မိမိသမိုင်းကြောင်း ကောင်းအောင်လုပ်ဆောင်ကြပါဟု မှာကြားလိုပါ ကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးမှာကြားရာတွင် မန္တလေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးနေရာကိစ္စရရှိရန် ကိစ္စကို မိမိတို့ သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ညှိနှိုင်း တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် အချက် (၃)ချက် ပြောကြားလိုပါကြောင်း၊ မိမိတို့၏ ဝန်ကြီးဌာနသည် အရေးကြီးသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် အတိတ်သမိုင်း တွင် ကိုလိုနီရဲ့ သွေးထိုးခဲ့မှုကြောင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများအချင်းချင်း ယုံကြည်မှုပျက်ပြားကာ စည်းလုံးညီညွတ်မှု မရှိခဲ့သည့်အတွက်  တိုင်းရင်းသားများအချင်းချင်း ပွတ်တိုက်မှုများ ဖြစ်ပေါ်ကာ ပဋိပက္ခများ ဖြစ်ပေါ်ကြကြောင်း၊ ထိုပဋိပက္ခ၏ ခါးသီးမှုကို နှစ်ပေါင်း ၇၀ ကျော် တိုင်းရင်းသားများ ခံစားခဲ့ကြရပြီး ဖြစ်ပါကြောင်း၊ အဆိုပါပဋိပက္ခများ မဖြစ်ပွားစေရန်နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ရှိစေရန်အတွက် ဤဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် အခြေခံအကျဆုံး ဝန်ကြီးဌာန ဖြစ်သဖြင့် ဤဌာနတွင် တာဝန်ထမ်းဆောင်ရသည်ကို  မိမိတို့ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူကြရမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းသည် ကျန်သောဒေသများ ထက် တိုင်းရင်းသားလူမျိုးပေါင်းစုံဒေသနှင့် ဆက်စပ်နေသော ဒေသဖြစ်သဖြင့်  တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ မန္တလေးတိုင်းရုံးသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အရေးကြီးသော ရုံးဖြစ်ပါကြောင်း၊  ထို့ကြောင့် ရုံးအဆောက်အအုံသည် ဂုဏ်သိက္ခာရှိသော ရုံးတစ်ရုံး ဖြစ်ရန် လိုပါကြောင်း၊ ဝန်ထမ်းများအား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် သုံးပိုင်းခွဲခြား၍ ပြောကြား လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အတိတ်ကာလသမိုင်းကြောင်းကို ပြန်ကြည့်လျှင် ၁၉၈၈ ခုနှစ်တွင် တစ်ပါတီ စနစ်မှ ပါတီစုံဒီမိုကရေစီရရှိရေးအတွက် လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ကြကြောင်း၊ တပ်မတော် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ၍ လူထုလိုလားသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်သို့ တင်ပေးခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး လူထုလိုလားသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကာက်ပွဲတွင် မဲမသာမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ တစ်နည်းအားဖြင့် လူထုလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆန့်ကျင်ကာ တစ်ပါတီအာဏာရှင်စနစ်သို့ ပြန်လည်ဦးတည်နေသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို ထိန်းခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သည့်အစိုးရ ပြောင်းပြောင်း မိမိဌာနအလုပ်တာဝန်များကိုသာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအရည် အသွေးကို မိမိကိုယ်တိုင် တည်ဆောက်မြှင့်တင်နေရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အမှတ်စဉ် (၄) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအချက်သည် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် (၉)ရပ်တွင်လည်း မိမိတို့ဌာနအနေဖြင့် ပါဝင်လုပ်ဆောင်ရမည့်အချက်များရှိကြောင်း၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မိမိတို့ ဌာနဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းများအား ဗလ ငါးတန်နှင့် ပြည့်စုံစေချင်ပါကြောင်း၊ ဝန်ထမ်းများ၏ မိမိကိုယ်ကိုမိမိ အရည်အသွေးမြှင့်တင်ရေး အတွက် 3 D (Direction, Develop, Just Do) ဟူသည့် အချက်များကို လေ့ကျင့်ပျိူးထောင်ရမှာ ဖြစ်ကြောင်း၊ ဝန်ထမ်းမျာအနေဖြင့် မိမိ၏ဦးတည်ချက်(Direction) ထားရှိရမည်ဖြစ်ပြီး မိမိကိုယ်ကို မိမိ အစဉ်တိုးတက်မှု (Develop)ရှိနေစေရန် လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ပေးအပ်သော တာဝန်များကိုလည်း အချိန်မဆိုင်းဘဲ ချက်ခြင်းဆောင်ရွက်(Just Do)ရမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ထမ်းများသည် နိုင်ငံတော်လှေကြီးကို အတူတကွ လှော်ခပ်နေသူများနှင့်တူပါကြောင်း၊ လှေဖေါက် သည့် သူများမဖြစ်ကြဘဲ လှေကို လှော်သည့်သူ၊ တက်မကိုင်သည့်သူ၊ ရွက်လွှင့်သည့်သူများ ဖြစ်ကြ မှသာ ပြည်သူလူထုလိုလားသော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သို့ ရောက်ရှိမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဝန်ထမ်းများက လုပ်ငန်းဆိုင်ရာကိစ္စများတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Share: