
ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားလူမျိုးများစည်းလုံးညီညွတ်ရေး မဂ္ဂဇင်း၊ စာအုပ်ထုတ်ဝေရေးနှင့် ပွဲတော်များကျင်းပရေးကော်မတီအဖွဲ့ နှင့် လက်ခံတွေ့ဆုံ
နေပြည်တော် ဇွန် ၁၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် တိုင်းရင်းသားလူမျိုးများစည်းလုံးညီညွတ်ရေးမဂ္ဂဇင်း၊ စာအုပ် ထုတ်ဝေရေးနှင့် ပွဲတော်များကျင်းပရေးကော်မတီအဖွဲ့ ဥက္ကဌ ဦးရန်ကျော်နှင့် အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူး တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာ့တိုင်းရင်းသားလူမျိုးများအချင်းချင်း သွေးစည်းညီညွတ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ကာ ထုတ်ဝေမည့် “မဂ္ဂဇင်း” ထုတ်ဝေရေးလုပ်ငန်း၏ ကဏ္ဍ (၅)ရပ်အနက် စာမူ၊ အပြင်အဆင်၊ ပုံနှိပ်လုပ်ငန်းများကို တိုင်းရင်းသား လူမျိုးများစည်းလုံးညီညွတ်ရေး မဂ္ဂဇင်း၊ စာအုပ် ထုတ်ဝေရေးနှင့် ပွဲတော်များကျင်းပရေး ကော်မတီ အဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဖြန့်ချိရေးနှင့် ကြော်ငြာလုပ်ငန်းများကိုမူ အခြားသောဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မဂ္ဂဇင်းတွင် တိုင်းရင်းသားလူမျိုးများ၏ အကြောင်းအရာများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘာသာစကား၊ ပုံပြင်၊ စကားပုံများ၊ သုတ၊ ရသ၊ ဝတ္တုများ စသည့် အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန်၊ ကလေးသူငယ်များ ဗဟုသုတ ရရှိစေရန်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ထုတ်ဝေမည် ဖြစ်ပါကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူများက တင်ပြ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး က မဂ္ဂဇင်းထုတ်ဝေ နိုင်ပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လှုပ်ရှားမှုကဏ္ဍတစ်ရပ်အဖြစ် ဖြစ်လာမည် ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက စာအုပ်ထုတ်ဝေရေး ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပါသည်။
0 Comments on "ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားလူမျိုးများစည်းလုံးညီညွတ်ရေး မဂ္ဂဇင်း၊ စာအုပ်ထုတ်ဝေရေးနှင့် ပွဲတော်များကျင်းပရေးကော်မတီအဖွဲ့ နှင့် လက်ခံတွေ့ဆုံ"