ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရာထူးတိုးအရည်အချင်းစစ် စာမေးပွဲလာရောက်ဖြေဆိုကြသည့် အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်  ဇွန် (၁၈)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဒုတိယဦးစီးမှူးရာထူးအဆင့်မှ ဦးစီးအရာရှိရာထူးအဆင့်သို့ တိုးမြှင့်ပေးနိုင်ရေး အရည်အချင်းစစ် စာမေးပွဲလာရောက်ဖြေဆိုကြသည့် အမှုထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည့်အခမ်းအနား ကို ၂၀၂၁ ခုနှစ် ဇွန်လ (၁၈) ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနအတွင်းရှိ အရာထမ်းများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနကို ၃၀-၃-၂၀၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးရှိပြီး မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏အရေးကို ဆောင်ရွက် နေသည့်ဌာနဖြစ်သဖြင့် အရေးပါသည့်ဌာနတစ်ခုဖြစ်ပါကြောင်း၊ မိမိတာဝန်ယူချိန်မှစ၍ ယနေ့အထိ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၆၂) ဦး ကို ရာထူးတိုးမြှင့်ပေးခဲ့ပါကြောင်း၊ ယခု ရာထူးတိုးစာမေးပွဲ လာရောက်ဖြေဆိုသူများအားလည်း ရာထူးတိုးမြှင့်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဝန်ထမ်းများအပေါ်စေတနာထားဆောင်ရွက်ပေးခဲ့သလို ဝန်ထမ်းများဘက်ကလည်း သစ္စာရှိရှိ နိုင်ငံ့အကျိုးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ရန်လိုပါကြောင်း၊ မိမိတာဝန်ကျရာဒေသများတွင် တိုင်းရင်းသားများ၏အရေးကို အစွမ်းကုန်ကြိုးစားစေလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အရေးကို စိတ်ပါဝင်စားစွာဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင်ပါရှိသော လူမှုရေးဦးတည်ချက်တွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့်အချက်ကို ဦးစားပေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားများ၊ ပြည်သူပြည်သားများ ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၎င်းနောက် ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပေါ်ပေါက်လာပါကြောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်အရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖြစ်ပေါ်လာပါ‌ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ အထူးအရေးကြီးပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ ငြိမ်းချမ်းရေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် အထူးတာဝန်ရှိသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကိုဂုဏ်ယူတန်ဖိုးထားရမည်  ဖြစ်ပါကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်တတ်ရန်လိုပါကြောင်း၊ ဗလငါးတန် ပြည့်စုံစေရေးအတွက်  မိမိတို့၏စွမ်းဆောင်ရည်(Capacity Building) မြှင့်တင်နေရန်လိုပါကြောင်း၊ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားမှ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်လည်း မြင့်မားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန စွမ်းဆောင်ရည်မြင့်မားမှ တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှုများတိုးတက်မြင့်မားလာမည်ဖြစ်ပြီး ထိုမှတဆင့် ငြိမ်းချမ်း၍ သာယာဝပြောသည့်နိုင်ငံ ဖြစ်လာမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့၏တာဝန်များကို စေတနာထား၍ ကြိုးစားဆောင်ရွက်ကြရန်နှင့် တာဝန်ယူမှု တာဝန်ခံမှု၊ တန်းတူညီမျှရှိမှု၊ ပွင့်လင်းမြင်သာရှိမှုတို့ဖြင့် ဆောင်ရွက်ပါက လုပ်ငန်းခွင် အတွင်း ပျော်ရွှင်မှုရှိမည်ဖြစ်ပါကြောင်း ပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: