ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant  (TA) နှင့် Language Teacher (LT) ခန့်ထားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားတက်ရောက်

နေပြည်တော်   ဇွန်  ၂၁

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုဦးစီးဌာန တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant  (TA) နှင့် Language Teacher (LT) ခန့်ထားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ နာရီတွင်  နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာ တွင် ကိုဗစ်ရောဂါကြောင့် အစိုးရကျောင်းများပိတ်ထားရာမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇွန်လ(၁)ရက်နေ့မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်လာသည်နှင့်အမျှ တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စများလည်း ပြန်လည်အသက်ဝင်လာပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ  Teaching Assistant(TA)နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားရေး အမိန့်စာ များထွက်လာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှလည်း TA နှင့် LT လျှောက်လွှာများကို ဝန်ကြီးဌာနသို့ ပေးပို့လာပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ပြီး ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့သွားရမည်ဖြစ်ပါကြောင်း၊ ယခင်က တိုင်းရင်းသားစာပေများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သင်ကြားခဲ့ကြရပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်ကို အုပ်ချုပ်စီမံကြသည့် အကြီးအကဲ ပုဂ္ဂိုလ်များ၏ အမျှော်အမြင်ကြီးမှု ကြောင့် တိုင်းရင်းသားအရေးကို ဦးစားပေးလာပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကလည်း တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်ရေးကို ဆန္ဒရှိသည့်အလျောက် “တိုင်းရင်းသားစာပေ သင်ကြားနေသည့် ဆရာ/ဆရာမများအပါအဝင် ဆရာ/ဆရာမများအား အဆင့်နှင့်လျော်ညီစွာ ပိုမိုထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသခံများ ပညာရည်မြင့်မားရေးအတွက် တိုင်းရင်းသားဒေသများရှိ ဆရာ/ဆရာမ များ၏ အရည်အသွေးမြင့်မားရေး ဆောင်ရွက်ပေးရန်လိုအပ်သဖြင့် အလေးထားဆောင်ရွက်သွားရန် လိုကြောင်း” လမ်းညွှန်မှာကြားသည်ကို သိရှိရပါကြောင်း၊ “စာပေပျောက်လျှင် လူမျိုးပျောက်မည်” “ယဉ်ကျေးမှုဆိတ်သုဉ်းလျှင် လူမျိုးလည်း ပျက်သုဉ်းမည်” ဆိုသည့်စကားကို လူအတော်များများက သိပြီးဖြစ်ပါကြောင်း၊ ဘာသာဗေဒ ပါမောက္ခဖြစ်သူ ဒေးဗစ်ဟယ်ရစ်ဆန်က ကမ္ဘာတစ်ဝှမ်းတွင် ရက်သတ္တ(၂) ပတ်ကြာတိုင်း ဘာသာစကားတစ်မျိုး ပျောက်ကွယ်မျိုးသုဉ်းလျက်ရှိကြောင်း၊ လူတို့ ပြောဆိုကြသော ဘာသာစကားပေါင်း ခုနှစ်ထောင် (၇၀၀၀) ခန့် ရှိနေလျက် အက္ခရာ တင်ဖြစ်သော ဘာသာစကားသည် ထက်ဝက်ကျော်မျှသာရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ရာ လူနည်းစု တိုင်းရင်းသား မျိုးချစ်ပုဂ္ဂိုလ်တို့သည် ကမ္ဘာပေါ်မှ မိမိတို့လူမျိုး မကွယ်ပျောက် စေရေး အတွက် အဓိကကျသည့် မိမိတို့ ဘိုးဘွားအစဉ်အဆက်က တီထွင်သုံးစွဲ ထိန်းသိမ်း လာခဲ့ကြသည့်စာကို အလေးထားသင်ယူ နေကြသကဲ့သို့ စာမရှိသေးသည့် လူမျိုးများကလည်း စာပေပေါ်ထွန်းလာရေး  ကြိုးပမ်းအားထုတ် တီထွင်လာကြသည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊  ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို  ရှေးရှုဆောင်ရွက်ခြင်း၊ စာပေနှင့် ယဉ်ကျေးမှုများကို တိုးတက် ဖြစ်ထွန်းစေခြင်း၊ တိုင်းရင်းသားများတန်းတူအခွင့်အရေးကို မျှမျှတတ ရရှိစေခြင်းဖြင့် မြန်မာနိုင်ငံသည် ငြိမ်းချမ်း သာယာသော နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေ ပေါ်ပေါက်လာပါကြောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်အရ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဖြစ်ပေါ်လာပါ‌ကြောင်း၊  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖြစ်ပေါ်လာသည့်အတွက် တိုင်းရင်းသားများ၏ စာပေနှင့်ဘာသာစကားများကို သင်ကြားနိုင်ရန်  Teaching Assistant (TA)နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားနိုင်ရန် လမ်းစပေါ်လာခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူတွင်ပါသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရသော ဝန်ကြီးဌာန ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် Teaching Assistant(TA)နှင့် Language Teacher(LT) ဆရာ/ဆရာမများ ခန့်ထားခြင်းအပေါ် သုတေသနပြု လေ့လာပြီး တိုးတက်မှုရလဒ်ကို အစီရင်ခံစာပြုစု၍ တိုင်းပြည်အတွက် အကျိုးပြုမှုကို  နိုင်ငံတော်သို့ တင်ပြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က  Teaching Assistant  (TA) နှင့် Language Teacher (LT) ခန့်ထားရေးအတွက် ပညာရေးဝန်ကြီး ဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တို့ ပူးပေါင်း၍ အစည်းအဝေး(၂)ကြိမ် ပြုလုပ် ပြီး ခန့်ထားရေးမူဘောင် အတည်ပြုရေးဆွဲနိုင်ခဲ့ပါကြောင်း၊ ယခင်က တိုင်းရင်းသားစာပေ သင်ကြားရန် ခက်ခဲခဲ့ပါကြောင်း၊ ယခုအခါ Teaching Assistant  (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများအား နိုင်ငံတော်မှ တရားဝင်ခန့်အပ်ခဲ့သည့်အတွက် တိုင်းရင်းသားစာပေ ကို ဂုဏ်သိက္ခာရှိရှိ သင်ကြားနိုင်ပြီဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ခုဟု ယူဆနိုင်ပါကြောင်း၊ ရှေ့ဆက်၍ တိုင်းရင်းသားစာပေသင်ကြားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ်က Teaching Assistant  (TA) နှင့် Language Teacher (LT) ခန့်ထားရေးနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာတွင် တိုင်းရင်းသားများ၏ လူမှုဘဝ တိုးတက်မြင့်မားစေရေး၊ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေး၊ တိုင်းရင်းသားတို့၏ စကား၊ စာပေတို့ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး၊ မူလတန်းအဆင့် တိုင်းရင်းသားကလေးငယ်များ စာပေသင်ကြားရာတွင် ဘာသာစကား အခက်အခဲမရှိစေရေး၊ အရည်အသွေးရှိသည့် သင်ယူ တတ်မြောက်မှု ရလဒ်ကောင်းများ ရရှိနိုင်ရေးတို့ကို ရည်ရွယ်ပါကြောင်း၊ Teaching Assistant (TA) ကို ၂၀၁၇-၂၀၁၈ ပညာသင် နှစ်တွင် ၅၁၆၁ ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Teaching Assistant  (TA) ၆၉၃၅ ဦးနှင့် Language Teacher (LT) ၁၇၅ ဦး စုစုပေါင်း ၇၁၁၀ ဦး၊ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် Teaching Assistant  (TA) ၁၃၃၉ ဦး၊ Language Teacher (LT) ၅ ဦး စုစုပေါင်း ၁၃၄၄ ဦး ခန့်ထားနိုင်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြ ခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး သည် အရေးကြီးပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ခေါင်းဆောင်မှု၊ မူဝါဒ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုသည့် အဓိကအချက်(၃)ချက် လိုအပ်ပါကြောင်း၊ သို့ဖြစ်ရာ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ လိုက်နာ၍ နိုင်ငံတော် အတွက် အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: