ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာအတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်   ဇူလိုင် ၂

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးဆိုင်ရာ မဟာဗျူဟာအတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီတွင်  နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ တက်ရောက်ပြီး ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာ တွင် ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ပြဋ္ဌာန်းခဲ့သည့် “တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ”အရ ၂၀၁၆ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန စတင်ပေါ်ပေါက်လာပြီး ဝန်ကြီးဌာနသက်တမ်း ငါးနှစ်ပြည့်မြောက် ပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်မှာ “တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ်တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်” ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးရရှိရေး စသည့်ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားရေးရာကိစ္စရပ်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည်မှာ အားလုံး အသိပင်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရှိစေရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအကြား ပြည်ထောင်စုစိတ်ဓါတ် တိုးတက်ခိုင်မာခြင်းဖြင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုမည်ဖြစ်သဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက် အရေးကြီးလုပ်ငန်းများဖြစ်ပါကြောင်း၊ မဟာဗျူဟာရေးဆွဲရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် ကိုက်ညီရန် လိုအပ် ပါကြောင်း၊ မဟာဗျူဟာ၏ရည်မှန်းချက်များသည် တိုင်းရင်းသားများအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများရရှိနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပါရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများအတိုင်း ပြည့်ဝအောင်မြင်နိုင်ရေး တို့နှင့်အညီ ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မိမိ တို့ ဝန်ကြီးဌာနသာမက ဆက်စပ်နေသည့့်ဝန်ကြီးဌာနအားလုံးပူးပေါင်း  ဆောင်ရွက်ပါက ပိုမို ထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင်ပါရှိသည့် အခန်းကဏ္ဍ များကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုး များအကြား၊ ဒေသများအကြား ဖွံ့ဖြိုးမှု ကွာဟချက်များ လျော့နည်း လာလိမ့်မည်ဟု မျှော်လင့်ရ ပါကြောင်း “မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ” ရေးဆွဲရာ တွင် ပါဝင်သင့်ပါဝင်ထိုက်သည်များ ပါဝင်နိုင်ရေးနှင့် ပူးပေါင်း အကောင်အထည်ဖော်နိုင်မည့်နည်းလမ်း များကို အားလုံးဆွေးနွေးကြစေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံကို ပြောကြားလိုပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်၏ အခြေခံမူ ပုဒ်မ ၆။ တွင် နိုင်ငံတော်သည် “တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးကို အစဉ်တစိုက်ဦးတည်သည်” ဟုလည်းကောင်း ၊ ပုဒ်မ ၁၅။ ပုဒ်မ ၁၆။(ဂ) တို့အရ နိုင်ငံတော်၏ အုပ်ချုပ်ရေးတွင် ပါဝင်ခွင့်ကိုလည်းကောင်း၊ ပုဒ်မ၂၂။(က)တွင် နိုင်ငံတော် သည် “တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်” ဟုလည်းကောင်း၊ ပုဒ်မ ၂၂ ။ (ခ)တွင် “တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်” ဟုလည်းကောင်း ဖော်ပြ ပါရှိပါကြောင်း၊ အဆိုပါဖွဲ့စည်းပုံပါအခြေခံမူများနှင့်အညီ “တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး” တို့ကို ခန့်အပ်ခဲ့ပြီး “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ” ကို ၂၀၁၅ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊  အဆိုပါဥပဒေအရ “တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန”ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခိုင်မာတိကျ သော မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေးသည် အနာဂတ်လုပ်ငန်းစဉ်များအတွက် အရေးကြီး သည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မဟာဗျူဟာပါ အခန်းကဏ္ဍ များအတွက်  တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စစ်တမ်းများ ကောက်ယူ၍ တိုင်းရင်းသားတို့၏ လိုလားချက်များကို အခြေခံပြီး မဟာဗျူဟာ(ကနဦးမူကြမ်း)ကို စတင်ရေးဆွဲခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှ ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနတွင်း အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှာရှိသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များဖြင့် မူကြမ်းများကိုရေးဆွဲခဲ့ပြီး ယခု(စတုတ္ထမူကြမ်း)ကို ရရှိခဲ့ပါကြောင်း၊ မဟာဗျူဟာ အောင်မြင်စွာအကောင်အထည်ဖော်နိုင် ပါကတိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှုရှိလာ မည်ဖြစ်ပါကြောင်း၊ ထိုမှတဆင့် ငြိမ်းချမ်း‌သာယာ၍ စည်းကမ်းပြည့်ဝပြီးခေတ်မီဖွံ့ဖြိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းအေးကို က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ စတုတ္ထမူကြမ်းနှင့် စပ်လျဉ်း၍ နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် ဆက်လက် ဆောင်ရွက်မည့် အခန်းကဏ္ဍများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသည့် ကိုယ်စားလှယ်များအနေဖြင့် အုပ်စုလိုက်ဆွေးနွေးသည့်အချိန်တွင် မိမိတို့ဝန်ကြီးဌာန အမြင်များဖြင့်ပေါင်းစပ်၍ ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြား၍ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ အတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို အုပ်စု (၃)စု ခွဲ၍ အွန်လိုင်းစနစ်ဖြင့် သတ်မှတ်နေရာများတွင် ဆက်လက်ကျင်းပခြင်း၊ သက်ဆိုင်ရာအုပ်စုအလိုက် ဆွေးနွေးချက်များကို ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်ဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Share: