ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ အရာထမ်းများအား Covid 19  ကပ်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြား

နေပြည်တော်   ဇူလိုင် ၂

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် ဇူလိုင်လ (၂) ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ အရာထမ်းများအား Covid 19  ကပ်ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် အရာထမ်းများတက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် မျိုးရိုး ဗီဇကွဲ Covid 19  ရောဂါပိုးသည် ၂၀၂၁ ခုနှစ် ဇွန်လဆန်းမှစတင်၍ ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည် မြင့်တက်လာခဲ့ပါကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာအသစ်များ နေ့စဉ်တွေ့ရှိနေရသဖြင့် ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid 19 ရောဂါကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Version 3.0) အတိုင်း တိကျစွာ လိုက်နာရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် Covid 19  ရောဂါပိုး ဝင်ရောက် မကူးစက် စေရေးအတွက် တာဝန်ခရီးမှလွဲ၍ ခရီးထွက်ခွာခြင်းမပြုရန်၊ မိသားစုကိစ္စရပ်များရှိပါက ခွင့်ပြုမိန့်ရမှသာထွက်ခွာရန်၊ ဖြစ်နိုင်ပါက အစည်းအဝေးများအား Online Platform များဖြင့် ကျင်းပရန်၊ လူကိုယ်တိုင်တက်ရောက်ရမည့် အစည်းအဝေးများအား မဖြစ်မနေကျင်းပရမည် ဆိုပါက နေရာအကျယ်အဝန်းသည် လူတစ်ဦးလျှင် (၃၆) စတုရန်းပေ အကျယ်အဝန်းဖြင့် တွက်ချက် ၍ အများဆုံးလူဦးရေ (၅၀) ဦးထက်မပိုစေဘဲကျင်းပရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာ ခပ်ခွာခွာ နေထိုင်ရန် (Physical Distancing)၊ သန့်ရှင်းရေးပုံမှန်ပြုလုပ်ရန်နှင့် ပိုးသတ်သန့်စင်ရန်၊ ရုံး ကြို/ပို့ ယာဉ်များပေါ်တွင် တစ်ဦးနှင့်တစ်ဦး တစ်ခုံခြားနှင့် Zig-zag ထိုင်ရန်၊ Mask တပ်ဆင်ရန် နှင့် လက်ကိုမကြာခဏ ဆေးကြောရန်တို့ ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့ဝန်ကြီးဌာန၏ အဓိက တာဝန်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေးဖြစ်ပါကြောင်း၊ တိုင်းသူပြည်သားအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်းဖြင့် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ Covid 19 ရောဂါကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Version 3.0)၏ QR-code  ကို  မိမိတို့၏ မိုဘိုင်းဖုန်းများဖြင့် အလွယ်တကူ Scan ဖတ်၍ ရယူသိမ်းဆည်း ထားသင့်ပါကြောင်း၊ Covid 19  ရောဂါပိုး ဝင်ရောက် မကူးစက်စေရေးအတွက် နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ရန်၊ နံနက်ခင်း နေပူစာလှုံရန်၊  တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်ရန်၊ Vitamin များ မှီဝဲရန်၊ အိပ်ရေးဝဝအိပ်ရန်၊ အာဟာရရှိသော အစားအစာများ စားသုံးရန်၊ ကာယနှင့် စိတ္တကြံ့ခိုင်စေရေး ပြုမူနေထိုင်ကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အရာထမ်းများအနေဖြင့် မိမိတို့၏တာဝန်များကို စေတနာ ထား၍ ကြိုးစားဆောင်ရွက်ကြရန်နှင့် Covid 19 ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေကြောင်း ပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

Share: