တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကိုဗစ်- ၁၉ တတိယလှိုင်းကာလအတွင်း ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး လမ်းညွှန်အမှာစကားပြောကြားခြင်း

နေပြည်တော်  ဩဂုတ် ၁၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကိုဗစ်- ၁၉ တတိယလှိုင်းကာလအတွင်း ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ရုံးချုပ်ရှိအရာထမ်းများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများအား ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားသည့်အခမ်းအနားကို ယနေ့ နေ့လယ် ၂:၀၀ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့်  တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုကာလသည် ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေသောကာလဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးအထူး ဂရုစိုက်ကြရန် လိုအပ်ပါကြောင်း၊ ယခုတတိယလှိုင်းသည် ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ထက် မာယာ များသဖြင့်  အန္တရာယ်အလွန်ကြီးပါကြောင်း၊  လေမှတဆင့် ကူးစက်ခြင်းဖြစ်ပြီး ကူးစက်ခံရသူအချို့ မှာ အသက်ရှုကြပ်ပြီး ရက်ပိုင်းအတွင်း သေဆုံးသွားကြပါကြောင်း၊ လူစုလူဝေးမှတဆင့် လွယ်လွယ်ကူကူ ကူးစက်ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉ တတိယလှိုင်းက ရောဂါဖြစ်သည်ဟု သေချာသည်နှင့် သေဆုံးနှုန်းများလာပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လူစု လူဝေးမှတဆင့် ရောဂါမပြန့်ပွားစေရေးအတွက် ကူးစက်မှုများသည့် မြို့နယ်များတွင်နေထိုင် သည့်  ပြည်သူများကို နေအိမ်တွင်နေထိုင်ရေးအစီအစဉ်  (Stay at Home) သတ်မှတ်ခြင်း၊ ရုံးများပိတ်ခြင်း၊ ဈေးများကန့်သတ်ခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း၊ သာမန်ရာသီတုပ်ကွေးဟု ထင်မှတ်ထားသည့် နှာစေး ချောင်းစေးက တဆင့် သေဆုံးခြင်းများလည်းရှိပါကြောင်း၊  သို့ဖြစ်ရာ ဝန်ထမ်းများအနေဖြင့်  ရုံးများပြန်လည်ဖွင့်လှစ်ပါက ဂရုစိုက်ရန် အထူးလိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြစေလိုပါကြောင်း၊  ဖျားနာပါက သာမန်ရာသီတုပ်ကွေးဟု မထင်မြင်သင့်ပါကြောင်း၊ အာဟာရ ဖြစ်မည့်အစားအစာများ စားသောက်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ ဆောင်ရွက် သင့်ပါကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ပါကြောင်း  (Prevention is better than cure)၊ အရေးကြီးဆုံးအချက်သည် စိတ်ဓာတ်မကျဘဲ ရောဂါကို ကျော်လွန်နိုင်မည် ဆိုသည့် ယုံကြည်ချက်ရှိဖို့လိုပါကြောင်း၊ သံသယ ဖြစ်ပါက ဆေးကြိုသောက်ရန်လိုပါကြောင်း၊ ရောဂါဖြစ်လာပါက မိသားစုအားလုံးကူးစက် ပါကြောင်း၊ သေဆုံးပြီးသူထံမှလည်း ရောဂါကူးစက်နိုင်ပါကြောင်း၊ သတိဆိုသည်မှာ ပိုသည်ဟု မရှိ ပါကြောင်း၊ ရုံးပြန်တက်သည့်အချိန်တွင် အထူးသတိပြု ဂရုစိုက်ရန်လိုပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်ကို အခြေခံ၍ ဆောင်ရွက် စေလိုပါကြောင်း၊  ဆောင်ရွက်ဆဲလုပ်ငန်းများ (On going process) အား အချိန်မီပြီးမြောက်အောင် ရေး အရေးပေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ဝန်ကြီးဌာနများနှင့် သဟဇာတဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ အခါအားလျော်စွာ ထုတ်လွှင့်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၏ မိန့်ခွန်းများ၊ အိမ်စောင့်အစိုးရ၏ နိုင်ငံတော်ဝန်ကြီးချုပ် မိန့်ခွန်းများကို လမ်းညွှန်ချက် Guideline အဖြစ် လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်း မှန်မှန်ကန်ကန် ဖွဲ့စည်း ကြဖို့လိုပါကြောင်း၊ Language Teacher (LT) နှင့် Teaching Assistant (TA) ဆရာ ဆရာမ စာရင်းများ တိတိကျကျ ပြန်လည် ကောက်ခံပေးကြရန် လိုပါကြောင်း၊ လစ်လပ်နေရာများအတွက် လျှောက်လွှာများ ခေါ်ယူပေးရန် လိုပါကြောင်း၊ မှတ်ပုံတင်မရှိသူများ မှတ်ပုံတင်ရရှိရေးအတွက် ကြိုတင် စာရင်းကောက်နိုင်ရေးကူညီပေးကြရန် လိုပါကြောင်း၊ ပြည်ထောင်စုစိတ်ထားပြီး သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်၌ ပရဟိတလုပ်ငန်းများတွင် ပါဝင်ပြီး အေးအတူ ပူအမျှ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုပါကြောင်း၊ ပါတီစွဲပုဂ္ဂိုလ်စွဲမထားပဲ တိုင်းပြည် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးစေရေး အလေးထားဆောင်ရွက်ရန် လိုပါကြောင်း၊ ဝန်ထမ်းတိုင်း တာဝန်ကျေပွန်ကြရန် လိုပါကြောင်း၊ တောင်သူလယ်သမားများ၏ ဘဝမြင့်မားရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီပေးရန် လိုပါကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့်   ကာကွယ်ဆေးမဖြစ်မနေ ထိုးကြရန်၊ မိမိတို့နှင့်ဆက်စပ်သူများအားလုံးကိုလည်း ကာကွယ်ဆေးထိုးနိုင်ရေး တိုက်တွန်းရန်၊      ဖြစ်နိုင်ပါက အပြင်မသွားရန်၊ မဖြစ်မနေ အပြင်သွားရပါက Mask, Face shield တပ်ဆင်ခြင်း၊ ပစ္စည်းများ ကိုင်တွယ်ပြီးချိန်တိုင်း လက်ကို ၂၀ စက္ကန့် ဆပ်ပြာဖြင့်ဆေးရန်၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပါသည်။

ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာ အပါအဝင် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ထမ်းများအနေဖြင့် ကိုယ့်တာဝန်ကို သိမြင်ပြီး တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် Covid-19 ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: