တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးအမှာစကားပြောကြား

နေပြည်တော်  ဩဂုတ် ၂၅

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသား ရေးရာကိစ္စရပ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအား ဆွေးနွေးအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့ နေ့လယ် ၂:၀၀ နာရီ၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိ သူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုသို့ဖွဲ့စည်းရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၆၇/၂၀၂၁ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၏ လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ရာတွင်လည်း တိုင်းရင်းသားရေးရာ ဝန်ကြီးများအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရမည်ကို တာဝန်သတ်မှတ် ပေးခဲ့ပါကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အလေးထားလျက်ရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အဆိုပါဦးစီးဌာန (၂)ခု၏ ညွှန်ကြားရေးမှူးရုံးများအား ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကိုလည်း (၆-၆-၂၀၁၉) ရက်နေ့တွင် လွှဲပြောင်းရယူပြီး  လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေကို (၂၃-၈-၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝ မြင့်မားစေ ရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကို ချမှတ်၍ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေး ဦးတည်ချက် တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်သော အဓိကအချက် (၂)ချက် ပါရှိ ပါကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက် ရေးနှင့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးတို့ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် အဆိုပါအချက်များနှင့် ပတ်သက်သည့် တိုင်းရင်းသား ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်ရှိဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များအလိုက် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊  တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှတစ်ဆင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ တင်ပြ ဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ တင်ပြလာပါက လိုအပ်သည့် အချက်အလက်များအား ပေါင်းစပ်ညှိနှိုင်းပြီး မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက သက်ဆိုင်ရာ အထက် ဌာနသို့လည်းကောင်း၊ အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများသို့လည်းကောင်း တင်ပြခြင်း၊  ညှိနှိုင်းခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်ခြင်းကို တိုင်းရင်းသား များကိုယ်စား အပြည့်အဝ ကြိုဆိုပါကြောင်း ပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်ခြင်း ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ အဓိက (၃)ချက် ပြောကြားလိုပါကြောင်း၊ ပထမအချက် အနေဖြင့် စီမံခန့်ခွဲရေးဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို တာဝန်ခံရမည်ဖြစ်ပြီး၊ ဝန်ကြီးချုပ်မှတဆင့် နိုင်ငံတော်ဝန်ကြီးချုပ်ကို တာဝန်ခံရမည်ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကို အဓိကထား ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လူမှုရေးဦးတည်ချက် (၃)ရပ်အနက် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည့်အချက်များသည် မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဥပဒေများနှင့်အညီ ကြီးကြပ်ကွပ်ကဲပေးစေလိုပါကြောင်း၊  ဒုတိယအချက် အနေဖြင့် ရန်ပုံငွေရရှိရေးဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၃ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ် ထည့်သွင်း ရေးဆွဲရမည်ဟု ပါရှိသဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တတိယအချက် အနေဖြင့် ဆက်သွယ်ရေး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းရင်းသားရေးရာကိစ္စရပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် မှတဆင့် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး များသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတဆင့် အိမ်စောင့်အစိုးရ အဖွဲ့သို့ ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပြီး အိမ်စောင့်အစိုးရအဖွဲ့မှ မိမိတို့ဝန်ကြီးဌာနကို ဆက်သွယ် ညွှန်ကြားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆက်သွယ်ဆောင်ရွက်လို လျှင်လည်း အထက်ပါနည်းအတိုင်း ဆက်သွယ်ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တိုင်းရင်းသားရေးရာကိစ္စရပ်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ခိုင်မာလာမည်ဖြစ်ပါကြောင်း၊ ထိုမှ တဆင့် ငြိမ်းချမ်းသာယာ၍ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ပူးပေါင်းလက်တွဲဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး များက မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန သက်တမ်း (၅)နှစ်သာရှိသေးသည့်အတွက် အချို့ တိုင်းဒေသကြီး၊ ပြည်နယ် ရုံးများ ဖွင့်လှစ်ရန် ကျန်ရှိနေသေးပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများ မရှိစေရေး ဂရုပြုရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်အသင်းများ ပြန်လည်ဖွဲ့စည်းသွားရန်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း တိုင်းပြည် တာဝန်ထမ်းဆောင်ကြရာတွင် စိန်ခေါ်မှုများစွာ ရှိနိုင်ပါကြောင်း၊ မည်သို့ပင် စိန်ခေါ်မှုများ          ရှိစေကာမူ မိမိတို့ တိုင်းရင်းသားလူမျိုးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား ရေးရာကိစ္စရပ်များကို စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: