အများပြည်သူအားလပ်ရက်များတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌  ပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

ရန်ကုန်        အောက်တိုဘာ (၂၆)

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် မင်းသူရအောင်တို့ လိုက်ပါလျက် အောက်တိုဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားရာတွင် ပွင့်လင်းရာသီ ရောက်တော့မည်ဖြစ်ပါသဖြင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)၌ အများပြည်သူအားလပ်ရက်များတွင် ပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရန်နှင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းများကို လာရောက် လေ့လာနိုင်ရန်အတွက် အစီအစဉ်သစ်များဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ကျေးရွာအတွင်း ကလေးကစားကွင်းများ၊ ကိုယ်ကာယလေ့ကျင်းခန်းသုံး အားကစား ပစ္စည်းများ တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ Free Wifi များလည်း အမြန်ဆုံးတပ်ဆင် ပေးနိုင်ရန် မှာကြားလိုပါကြောင်း၊ အသုံးစရိတ်များကို တတ်နိုင်သမျှ ချွေတာသုံးစွဲရန် လိုအပ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူများပြားစွာ လာရောက်လည်ပတ်နိုင်မှသာလျှင် ဝင်ငွေတိုးမြှင့် ကောက်ခံရရှိနိုင်မှာဖြစ်၍ ပြည်သူများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဆိုအကများ၊ ရုပ်သေး၊ မျက်လှည့်ပညာရှင်များဖိတ်ခေါ်ပြီး ဖျော်ဖြေပေးမည့် အစီအစဉ် ပြန်လည်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ကျေးရွာအတွင်း တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲများ၊ လှေလှော်ပြိုင်ပွဲများ၊ လက်ဝှေ့ပြိုင်ပွဲများ စီစဉ်ကျင်းပသွားရမည် ဖြစ်ပါကြောင်း၊ ပဲခူးမြစ်မှတဆင့် လာရောက်အပန်းဖြေနိုင်ရန်အတွက် ရေယာဉ်သင်္ဘောပြေးဆွဲနိုင်ရေး ဆိပ်ခံဘောတည်ဆောက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်း များသည် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းလိုက်နာပြီး စည်းစည်းလုံးလုံးဖြင့် အလုပ်လုပ်ကိုင် ကြစေလိုပါကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီးဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သည် ၁၉၉၅ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၂၀၀၀)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ (၆.၆.၂၀၁၉) ရက်နေ့မှစ၍ မိမိတို့ဝန်ကြီးဌာနက လွှဲပြောင်းတာဝန်ရယူခဲ့ပြီး (၂)နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဌာန၏ ရငွေပိုမိုရရှိရေး ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက လမ်းညွှန်အမှာစကားပြောကြားပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အား တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံအရာရှိ ဦးမျိုးဝင်းက ၂၀၂၁-၂၀၂၂ ဘာရေးနှစ် (၆)လဘတ်ဂျတ် ရငွေလျာထားချက်တိုးမြှင့် ကောက်ခံရရှိရေးနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ တိုင်းရင်းသားရိုးရာနေအိမ်များ၊ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှု၊  ရှမ်းပြည်နယ်ပြခန်းအတွင်းရှိ အင်းလေးကန်အတွင်း လှေလှော်ပြိုင်ပွဲကျင်းပပြုလုပ်နိုင်မည့် အခြေအနေများ၊ သင်္ဘောဆိပ်ခံ တည်ဆောက်မည့်နေရာ၊ (၆)ခန်းတွဲ တစ်ထပ်ဆောင် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေး လုပ်ငန်းနှင့် ရတနာလမ်းဝင်ပေါက်တို့ကို  လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများကို လိုက်နာနေထိုင်ရမည်ဖြစ်ပါကြောင်း၊ ပညာရေး တိုးတက်မြင့်မားအောင်လည်း ပိုမိုလေ့လာကြိုးစားကြစေလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် တိုင်းရင်းသားများအတွက် အရေးပါသည့်ဌာနဖြစ်ပါကြောင်း၊ နိုင်ငံတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာ၌ အားလုံးပါဝင်လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ဘာသာသင် ( TA / LT ) နေ့စားလပေးဆရာ/ ဆရာမများ၏ လုပ်အားခ၊ ထောက်ပံ့ငွေများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခဲ့ပြီး (Language Teacher) အား ကျပ် ခြောက်သောင်း(၆၀၀၀ဝိ/-)၊ (Teaching Assistant) အား ကျပ် တစ်သိန်းသုံးသောင်း (၁၃၀၀၀ဝိ/-) တိုးမြှင့်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ခွင့်ပြုချက်ရရှိပြီးဖြစ်သည်ကို သတင်းကောင်းပါးလိုပါကြောင်းဖြင့် ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ ရုံးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

Share: