နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ပြည်ထောင်စုဝန်ကြီးမှ ထပ်ဆင့်ညွှန်ကြားခြင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံး တာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ 

   နေပြည်တော်  နိုဝင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအား ထပ်ဆင့်ညွှန်ကြားခြင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသ ကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တို့မှ တာဝန်ခံအရာရှိများက     ပြည်‌ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုခံယူခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀:၃၀ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)တို့မှ တာဝန်ခံအရာရှိများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ညွှန်ကြား ခြင်းဖြစ်ပါကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီများကို အတတ်နိုင်ဆုံး ခြိုးခြံချွေတာ သုံးစွဲရန်၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးတွင် သမရိုးကျထက် ဆန်းသစ်နည်းပညာများ တီထွင်ဆောင်ရွက်ရန်၊ ပြည်တွင်း ဖြစ်ကို ဦးစားပေးသုံးစွဲ၍ နိုင်ငံခြားဖြစ်ကို လျှော့သုံးရန်၊ အသုံးစရိတ်ကို ချွေတာသုံးစွဲ ရန်နှင့် သတ်မှတ်လျာထားရငွေကို ပြည့်မီရေး ကြိုးစားဆောင်ရွက်ရန်၊ ဝန်ထမ်းများ အားလုံး နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင် စေရန်၊ CDM ပြုလုပ်၍ ပြန်လည်ရောက်ရှိလာပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရန်၊ စွမ်းဆောင်ရည်အားနည်းသော ဝန်ထမ်းအချို့အတွက် ရာထူးအဆင့်နှင့် လျော်ညီစွာ တာဝန် ယူ၊ တာဝန်ခံ ဆောင်ရွက်နိုင်ရေး လေ့လာသင်ကြားရန် တို့ကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိစ္စရပ်များကို တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများကို ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို (၆-၆-၂၀၁၉) ရက်နေ့တွင် လက်ခံရယူ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်တွေ့ရှိပါက သက်ဆိုင်ရာဦးစီးဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ဆောင်ရွက်ရန်ဖြစ် ပါကြောင်း၊ ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းသည် ကူးစက်မှုနှုန်း လျော့နည်းလာပြီးဖြစ်သော်လည်း ပေါ့လျော့မှုမရှိစေရေး၊ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပြီး တိုင်းရင်းသားပြည်သူများ အားလုံး ပါဝင် လိုက်နာလာစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်လိုက်သည့် လုပ်ငန်းများသည် မိမိတို့ တိုင်းရင်းသားများအတွက် အကျိုးခံစားခွင့် ရရှိရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများကို စေတနာ၊ မေတ္တာထား၍ ဆောင်ရွက်ကြရန်၊ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက် ကြရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များကို လေးစားလိုက်နာပြီး ပေးအပ်လာသော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြပါရန် ပြောကြားလိုပါကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသား ရေးရာ၏ အဓိပ္ပါယ်ကို တိကျစွာ သိရှိရန်နှင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အမြဲမပြတ် လေ့လာထားရန်လိုအပ်ပါကြောင်း၊ ဥပဒေနှင့် နည်းဥပဒေများတွင် ပါရှိသည့် တိုင်းရင်းသားများ၏ အခွင့်အရေးများ ရရှိနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ် များတွင် တိုင်းရင်းသား ရေးရာဝန်ကြီးများကို ခန့်ထားပြီးဖြစ်ပါသဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊  ရုံးလုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်း လမ်းညွှန် Version-4 အတိုင်း လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှု သံသယရှိပါက ချက်ချင်းသတင်းပို့ရန်ဖြစ်ပါကြောင်း၊ မဖြစ်မနေ ခရီးသွားရန်ရှိပါက သတ်မှတ်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အားလုံး ကာကွယ်ဆေး (၂) ကြိမ် အပြည့်အဝ ထိုးနှံနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်ပြီး  မိမိကိုယ်ကို Capacity မြှင့်တင်ရန်လိုအပ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများ များနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့မှ တာဝန်ခံအရာရှိများက မိမိတို့တာဝန်ယူ ဆောင်ရွက်ရသည့်လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာအပါအဝင် အထွေထွေကိစ္စရပ်များကို  ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များကို  အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား လူမျိုးများ၏ နေ့ထူးနေ့မြတ်များ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို တင်ပြ၍ ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက် ရန်ဖြစ်ပါကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်ညှိနှိုင်း၍ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မပါစေဘဲ ပြန်လည်ဖွဲ့စည်း စေလိုပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်သည် တိုင်းရင်းသားလူမျိုးများ အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် ဖြစ်ပါသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကူညီပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်များကို ကျေပွန်ရုံသာမက စေတနာထားပြီး ဆောင်ရွက်ကြ ရန်နှင့် Covid-19 ကပ်ရောဂါဘေးမှ ကင်းဝေး ကြပါစေကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

Share: