၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်  “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”(တတိယ)အကြိမ်  ပွဲတော် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   နိုဝင်ဘာ   ၉

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြန့်ပွားရေးနှင့် တိုင်းရင်းသားဒေသ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို  “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (တတိယ) အကြိမ် ပွဲတော် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၉) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Covid-19 တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊  အမြဲတမ်းအတွင်းဝန်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ်၊  ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပထမအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို  ၂၀၁၉ ခုနှစ်၊  ဇန်နဝါရီလ ၂၅ ရက်နေ့မှ  ၃၀ ရက်နေ့အထိလည်း ကောင်း၊ ဒုတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၇ ရက်နေ့အထိလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံအားကစားကွင်းတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁) ပွဲတော်ကို ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွား နေသည့် အခြေအနေများကြောင့် Virtual Reality Festival အဖြစ်  MRTV, Web Portal များဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊  မတ်လ ၅ ရက်နေ့အထိ ကျင်းပရန် လျာထားဆောင်ရွက်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပ နိုင်ခြင်းမရှိသောကြောင့် လာမည့် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုသောအားဖြင့် မြေပြင်မှာ မပြုလုပ်နိုင်စေကာမူ တစ်မူဆန်းသစ်ပြီး Virtual Reality Festival ဖြင့် ပြုလုပ်ကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် အတွက် ပွဲတော်ကျင်းပရန် အချိန်ကာလအားဖြင့် (၁)လကျော်သာ ကျန်ရှိတော့ပါကြောင်း၊ ကျင်းပ ဆောင်ရွက်နိုင်မည့် နေ့ရက်၊ အချိန်၊ ပါဝင်မည့်အစီအစဉ်များ၊ ဆောင်ရွက်နိုင်မည့်အချက်များကို ဆွေးနွေးပေးစေလိုပါကြောင်း၊ အစီအစဉ်တွင် တိုင်းရင်းသားပေါင်းစုံ  ပါဝင်နိုင်စေရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊  မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့် အချက်များအားလုံးကို ကူညီပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုများစွာရှိနေသည့်ကြားမှ အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဖြစ်အောင် စဉ်းစားဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ နိုင်ငံတော်၏မူဝါဒများနှင့်အညီ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစသည့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထမအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး၊ ဒုတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ကယားတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင် ပြုလုပ်ခဲ့ပါကြောင်း၊ ရလဒ်အနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသလူမှုစီးပွားဘဝ အခြေအနေနှင့် ထွက်ကုန်တို့ကို  လေ့လာခွင့် ရရှိခဲ့ပြီး တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ ချစ်ခင်မှု၊  စည်းလုံးညီညွတ်မှုတို့ ပိုမိုရရှိခဲ့ပါကြောင်း၊ တတိယအကြိမ်ပြုလုပ်မည့်ပွဲတော်နှင့်ပတ်သက်၍ ကျင်းပမည့်နေ့ရက်၊  အချိန်နှင့် အစီအစဉ်တို့ကို ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါ သည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်နှင့်ပတ်သက်၍ ထုတ်လွှင့်ပြသနိုင်မည့် နေ့ရက်၊  အချိန်နှင့် ဖျော်ဖြေရေးအစီအစဉ်တို့ကို  ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အတွင်းရေးမှူး ဦးမင်းဗညားစန်းတို့က  “တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်များကို တိုင်းရင်းသားဒေသများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသထုတ်ကုန်များ၊ စားသောက်ကုန်များ၊ ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ပြခန်းများ ပြသနိုင်ရေးအတွက် Web Portal ထုတ်လွှင့်နိုင်ရေး ကိစ္စရပ်များ၊  မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသမည့်အစီအစဉ် များအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက အထွေထွေဆွေးနွေး တင်ပြကြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Share: