တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များ   ပူးပေါင်းဆောင်ရွက်နိုင်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   နိုဝင်ဘာ   ၂၅

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသား ရေးရာကိစ္စရပ်များ   ပူးပေါင်းဆောင်ရွက်နိုင်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊  တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်  တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို (၂၅-၈-၂၀၂၁) ရက်နေ့တွင် ပထမအကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်အရ  တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို (၃)လ တစ်ကြိမ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”(တတိယ)အကြိမ် ပွဲတော်ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ MRTV ၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ မှ (၁၅)ရက်နေ့အထိ တိုင်းရင်းသားများ၏ အဆို၊ အက ဖျော်ဖြေမှု များဖြင့် ကျင်းပဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၌ တိုင်း ဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေသင် Teaching Assistant (TA)နှင့် Language Teacher (LT)ဆရာ/ဆရာမများ  ခန့်ထားနိုင်ရေးအတွက် လိုအပ်သည့်ထောက်ခံစာများ၊ အခြေခံပညာကျောင်းများအလိုက် ကျောင်းသား/သူစာရင်းများ ရရှိ နိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် ပန်းခင်းစီမံချက်သည် အရေးကြီးပါသဖြင့် တိုင်းရင်းသားများ ပူးပေါင်းပါဝင် လာစေရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာ (၂၀၂၁-၂၀၃၀) အား ရေးဆွဲပြီး အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မဟာဗျူဟာပါ  ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ပြန်လည်ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များ၊ တိုင်းရင်းသားယဉ်ကျေးမှု ဗဟိုဌာနအတွက် ဆောင်ရွက်မှုများ၊ ကိုဗစ်- ၁၉ ကပ်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း သင်တန်း များ ဖွင့်လှစ်ခြင်းဆိုင်ရာကိစ္စရပ်များကိုလည်း တိုင်းရင်းသားရေးရာဝန်ကြီးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်  ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ပုံမှန်ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးကို တိုင်းရင်းသားများ၏ အင်အားဖြင့်သာ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် တိုင်းရင်းသား အားလုံး ပူးပေါင်းပါဝင်လာစေရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  အမိန့်အမှတ် ၁၆၅/၂၀၂၁ ဖြင့် ၁-၈-၂၀၂၁ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့သည့်အတွက်  တိုင်းရင်းသားရေးရာကိစ္စရပ်များကို ပိုမိုဆောင်ရွက်လာနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားဘာသာ စာပေသင် ဆရာ/ဆရာမများ ခန့်ထားရေးကိစ္စရပ်များ၊ ပန်းခင်းစီမံချက်ဆောင်ရွက်မှုများနှင့် တိုင်းရင်းသားဒေသများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့်ကိစ္စရပ်များကို တိုင်းရင်းသား ရေးရာဝန်ကြီးများက တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဥပဒေနှင့် အခြားတိုင်းရင်းသားရေးရာနှင့်သက်ဆိုင်သည့် ဥပဒေများကိုလည်း လေ့လာပြီး ဥပဒေနှင့်အညီ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်သွားကြရန် တိုက်တွန်းလို ပါကြောင်း၊   တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ အခန်း(၅)၊ ပုဒ်မ (၁၆) တွင် “ ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသား လူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းခြင်းပြုနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအား တာဝန်ခွဲဝေအပ်နှင်းနိုင်သည်” ဟူသည့်အချက် ပါရှိရာ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာဝန်ကြီးများကို လုပ်ပိုင်ခွင့်ပေးအပ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးချုပ်များနှင့် ညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများက အထွေထွေဆွေးနွေး တင်ပြကြခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသား ဘာသာစာပေသင် Teaching Assistant (TA)နှင့် Language Teacher (LT) ဆရာ/ ဆရာမများ  ခန့်ထားနိုင်ရေး၊ ပန်းခင်းစီမံချက်သည် အရေးကြီးပါသဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရန် တိုင်းရင်းသားများ ပူးပေါင်းပါဝင်လာစေရေး၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်များ ကျင်းပနိုင်ရေး၊ တို့ကို ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျော်စွာ ၇၅ % သော ပြည်သူလူထုသည် တောင်သူလယ်သမားများ ဖြစ်ကြသဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို ဦးစားပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ဆောင်ရွက်ချက်များသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထောက်အကူပြုရန်လိုအပ်ပါကြောင်း၊ တိုင်းပြည်နှင့်ပြည်သူလူထု အကျိုးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း နိဂုံးချုပ်အမှာစကား  ပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Share: