၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်  “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”(တတိယ)အကြိမ် ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နေပြည်တော်   ဒီဇင်ဘာ   ၇

          တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြန့်ပွားရေးနှင့် တိုင်းရင်းသားဒေသ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို  “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (တတိယ) အကြိမ် ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၇) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊  အမြဲတမ်းအတွင်းဝန်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်း၍ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”(တတိယ)အကြိမ်  ပွဲတော်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ Virtual စနစ်ဖြင့်ကျင်းပရန် စီစဉ်လျက်ရှိပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ MRTV အနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များအပြင် တိုင်းရင်းသားများအတွက် ကြိုးစားလုပ်ဆောင်ချက်များအပေါ် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာအသံနှင့်ရုပ်မြင် သံကြားအနေဖြင့် လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေးပေးစေလိုပါကြောင်း၊ ပွဲတော်ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သည့့်အတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Ethnic Sustainable Development Forum) ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ၏ ရလဒ်အဖြစ် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအားလုံး စုပေါင်း၍ ပထမအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ် ပွဲတော်ကို ၂၀၂၀ ခုနှစ်တွင်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံ အားကစားကွင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး ရလဒ်အနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသလူမှုစီးပွားဘဝ အခြေအနေနှင့် ထွက်ကုန်တို့ကို  လေ့လာခွင့်ရရှိခဲ့ပြီး တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ ချစ်ခင်မှု၊  စည်းလုံးညီညွတ်မှုတို့ ပိုမိုရရှိခဲ့ပါကြောင်း၊ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”(တတိယ)အကြိမ်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အခြေ အနေများကြောင့် Virtual Celebration အဖြစ် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်နှင့်ပတ်သက်၍ ထုတ်လွှင့်ပြသမည့် နေ့ရက်၊  အချိန်နှင့် ဖျော်ဖြေရေးအစီအစဉ်တို့ကို  Power Point  ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး        ဦးမင်းဗညားစန်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်၊ ကိုးကန့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သိန်းနိုင်တို့က တိုင်းရင်းသား ပြခန်းများ၊  တိုင်းရင်းသားဒေသထုတ်ကုန်များ၊ စားသောက်ကုန်များ၊ ရပ်ရွာ အခြေပြုခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သောပြခန်းများကို Web Portal ဖြင့် ထုတ်လွှင့်ပြသနိုင်ရေး စီစဉ်ထားရှိမှု များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသမည့် အစီအစဉ်များနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ က အထွေထွေဆွေးနွေး တင်ပြကြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင် အောင်မြင်မှု များ ရရှိသကဲ့သို့ ယခုပြုလုပ်မည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”(တတိယ)အကြိမ် ပွဲတော်ကို Virtual Celebration ဖြင့် ကျင်းပထုတ်လွှင့်ခြင်းဖြင့် တစ်ကမ္ဘာလုံးက ကြည့်ရှုနိုင်မည်ဖြစ်သည့်အတွက် အခက်အခဲ စိန်ခေါ်မှုများရှိသော်လည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်မည်ဆိုပါက အောင်မြင် မည် ဖြစ်ပါကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Share: