နေပြည်တော်အတွင်းရှိ လီဆူတိုင်းရင်းသားမိသားစုများ၏ ခရစ္စမတ်အကြို ဆုတောင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်   ဒီဇင်ဘာ ၁၉

နေပြည်တော်အတွင်းရှိ လီဆူတိုင်းရင်းသားမိသားစုများ၏ ခရစ္စမတ်အကြို ဆုတောင်းပွဲအခမ်းအနားကို ဒီဇင်ဘာ (၁၉) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရှိ လီဆူခရစ်ယာန် ရိပ်သာ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

ပထမဦးစွာ ဆရာမ ဒေါ်အလေးမီးက အဖွင့်ဆုတောင်းချီးမွမ်းပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားချီးမြှင့်ရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀၀)ကျော်က ခရစ်တော်မွေးဖွားသည့်ညတွင် မွေးနေ့တော်အနှစ်သာရ ဖြစ်သည့် ရှင်လုကာ ၂:၁၄ ပါအတိုင်း ကောင်းကင်တမန်များနှင့်ကောင်းကင် ဗိုလ်ခြေများက သိုးထိန်းများကို ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးစေသတည်း၊ မြေကြီးပေါ်တွင် ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အား မေတ္တာ၊ ဂရုဏာ ရှိစေသတည်း ဟုမြွက်ဆိုခဲ့ပါသည်။ ယခုအခါ ကမ္ဘာမြေကြီးသည် မေတ္တာ ခေါင်းပါးနေပြီး အမုန်းတရားတွေများနေပါသည်၊ ကောင်းကင်ဗိုလ်ခြေတွေပြောသလို ကမ္ဘာမြေကြီးငြိမ်းချမ်းစေသတည်းဆိုသည့်အတိုင်း ကျွန်တော်တို့သည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မေတ္တာရှေ့ထားပြီး ကမ္ဘာမြေကြီးငြိမ်းချမ်းအောင် ဝိုင်းဝန်းလုပ်ဆောင်ကြစေလိုပါကြောင်း၊ မေတ္တာပေးပြီး မေတ္တာပြန်ယူကြစေလိုပါကြောင်း၊ တိုင်းပြည်ကြီးငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပြီး ပြည်သူပြည်သားများလည်း စားဝတ်နေရေးပြေလည်မည်ဖြစ်ပါကြောင်း၊ ဘုရားသခင်သည် ကြီးမားသောမေတ္တာဖြင့် တစ်ပါးတည်းသော သားတော်ကို လောကီ သားများ၏ အပြစ်ကို ဆေးကြောကယ်တင်ဖို့ စေလွှတ်သည့်နေ့တွင် ကောင်းကင် တမန်နှင့် ကောင်းကင်ဗိုလ်ခြေတွေက ကမ္ဘာကြီးငြိမ်းချမ်းပါစေ၊ လူသားများ မေတ္တာ၊ ဂရုဏာရှိပါစေဟု ကြွေးကြော်ခဲ့သည့်အတွက် ကျွန်ုပ်တို့ တိုင်းရင်းသားများသည် တစ်ဦးအပေါ်တစ်ဦး မေတ္တာပြပြီး အေးအတူ ပူအမျှ စည်းစည်းလုံးလုံးဖြင့် ကမ္ဘာကြီးငြိမ်းချမ်းစေရန် တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ဆောင်ကြစေလိုပါကြောင်း၊

  • ကမ္ဘာကြီးငြိမ်းချမ်းပါစေ
  • မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ
  • လောကီသားအားလုံး မေတ္တာ၊ ဂရုဏာထားနိုင်ပါစေ

မြန်မာပြည်မြောက်ပိုင်း ခါကာဘိုရာဇီမှ တောင်ပိုင်း ကော့သောင်းအငူအထိ အမြန် ငြိမ်းချမ်းပါစေကြောင်းဖြင့် ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက လီဆူအသင်းတော် တိုင်းရင်းသား မိသားစုများကို သမ္မာကျမ်းစာအုပ်များအား ခရစ္စမတ်လက်ဆောင်ပေးအပ်ခဲ့ပြီး လီဆူတိုင်းရင်းသားများကလည်း အပြန်အလှန် ခရစ္စမတ်လက်ဆောင်များ မေတ္တာပြ ပေးအပ်ခဲ့ကြပါသည်။

ထို့နောက် သင်းအုပ်ဆရာတော် ဆရာချာလူးက ကောင်းချီးပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Share: