(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၂၇

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်ဝင်းခိုင်၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကို၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ နေပြည်တော်ရှိ လီဆူ တိုင်းရင်းသားများ၏ ကိုယ်စားလှယ် ဧည့်သည်တော် ဦးဇယ်ဒေါင်(ခ)လာအားဆာ နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြ ပါသည်။

          အခမ်းအနားမစတင်မီ ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ဧည့်သည်တော်များက ဝန်ကြီးဌာန၏မြေညီထပ်၌ ခင်းကျင်းပြသထားသည့် အဓိကလူမျိုးကြီး (၈)စုနှင့် သက်ဆိုင်သည့်ပြကွက်များ၊ တိုင်းရင်းသားမျိုးနွယ်စု (၅၀)နှင့်သက်ဆိုင်သည့် ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများ၊ ရိုးရာတူရိယာများနှင့် အသုံးအဆောင်ပစ္စည်းပြခန်းများသို့ လိုက်လံကြည့်ရှု ကြပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ တိုင်းပြည်ကြီး ငြိမ်းချမ်းမှ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ပြည်သူပြည်သားများလည်း စားဝတ်နေရေး ပြေလည် မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ တိုင်းပြည်တိုးတက်ရေးအတွက် ခေါင်းဆောင်မှု(Leadership)၊ မူဝါဒ (Policy)၊ အကောင်အထည် ဖော်ဆောင်ရွက်မှု(Implementation)တို့ အဓိကကျပါကြောင်း၊ ထို့အတူ မေတ္တာတရားထားရှိခြင်း သည်လည်း အရေးကြီးပါကြောင်း၊ နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်း ဖြစ်မည်ဖြစ်ပြီး နိုင်ငံ၏ရာဇဝင်သမိုင်းကြောင်းကိုသိမှ နိုင်ငံကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ မပပျောက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများ ထပ်မံခန့်ထားပေးရေးနှင့် လစာတိုးမြှင့်ပေးနိုင်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိရာထူးနှင့်လျော်ညီသည့် အရည်အချင်းနှင့်အရည်အသွေးများ ရှိရန်လိုအပ်ပါကြောင်း၊  တိုင်းရင်းသား လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံလူဦးရေ၏ ၈၀% မှာ တောင်သူလယ်သမားများ ဖြစ်ကြသဖြင့်  တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မိမိတို့ တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများသာမက ပြည်သူများ အားလုံး တန်းတူညီမျှ အခွင့်အရေးရရှိစေရေး  ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  စုပေါင်း ဆောင်ရွက်မှုရှိပါက အရာရာအောင်မြင်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပါသည်။

          ဆက်လက်၍ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်ဝင်းခိုင်၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း တို့က မိမိတို့ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် နေပြည်တော်ရှိ  လီဆူ တိုင်းရင်းသားများ၏ ကိုယ်စားလှယ် ဦးဇယ်ဒေါင်(ခ)လာအားဆာကလည်း ပါဝင်ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: