တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း အခမ်းအနား ကျင်းပ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း အခမ်းအနား ကျင်းပ

နေပြည်တော်  ဇွန် ၁

          တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ပိုမိုသိရှိလာနိုင်ရေး အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ န့နက် ၁၀:၀၀ နာရီအချိန်၌ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဧည့်သည်တော် သမိုင်းပါမောက္ခ ဒေါက်တာခင်စောနွဲ့(ငြိမ်း)၊ နေပြည်တော်ရှိ လီဆူနှင့် ကရင်ဖြူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် အရာထမ်းအမှုထမ်းများ တက်ရောက် ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစားရေး၊ ရိုင်းပင်းကူညီရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ငြိမ်းချမ်းရေး စသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး အသိပညာပိုမို ကြွယ်ဝ လာစေရေးအတွက် ဟောပြောပွဲ အစီအစဉ်အား ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး အသိအမြင်မှန်ကန်ရန် လိုအပ်ပါကြောင်း၊ အသိအမြင်မှန်ကန်မှ ဆုံးဖြတ်ချက်များ မှန်ကန်မည်ဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက်မှန်ကန်မှ  မှန်ကန်စွာလုပ်ဆောင် နိုင်မည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးများကို ရှေးရှုပြီး အသိပညာများ လာရောက် ဟောပြော ပေးပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် Jeng Phang နော်တောင် တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဟောပြောပေးသည့် အကြောင်းအရာများကို သေချာစွာမှတ်သားပြီး မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ နောင်အခါအခွင့်သင့်ပါက အခြားသော တိုင်းရင်းသား နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များအား ဖိတ်ကြားသွားမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြစေလိုပါကြောင်း ပြောကြား ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တိုင်းပြည် တစ်ခုတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပြိုကွဲပါက ငြိမ်းချမ်းရေးတည်ဆောက်၍ မရနိုင်ပါကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများက  ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြပါကြောင်း၊ ပဋိပက္ခဖြစ်ပါက အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ ပိုမိုခံစားရပါကြောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခုကာလ တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုကို ကမ်းလှမ်းထားပါကြောင်း၊ အမျိုးသားရေးပြဿနာ၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး   စားပွဲပေါ်၌သာ နှစ်ဦးနှစ်ဖက် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသား များ၏ဘဝကို  နားလည်ဆုံးသောသူမှာ တပ်မတော်သာဖြစ်ပြီး တပ်မတော်ကို နားလည်သူမှာ တိုင်းရင်းသားများဖြစ်ပါကြောင်း၊ တိုင်းပြည်၏ ငြိမ်းချမ်းရေးသည် အသက်တမျှအရေးကြီး ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏အရေးပါမှုကို ဂုဏ်ယူရမည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ကြစေလို ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က  မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝ၍ ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့်နိုင်ငံဖြစ်ကြောင်း ဆွေးနွေးပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကဏ္ဍတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေသည့် အကြောင်းအရင်းများ၊ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ဝိသေသလက္ခဏာများ၊ ပြည်ထောင်စု စိတ်ဓာတ်၏အဓိပ္ပါယ်၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၏အဓိပ္ပါယ်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ငြိမ်းချမ်းရေးကဏ္ဍတွင် ငြိမ်းချမ်းရေးအဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် သဘောထားအမြင်များ၊ ငြိမ်းချမ်းရေးအမျိုးအစားများ၊ မြန်မာပြည်၏ ပြည်တွင်းငြိမ်းချမ်းရေး ပြုလုပ်ခဲ့မှုများ၊ ငြိမ်းချမ်းရေးကို ဖြေရှင်းသည့်နည်းလမ်းများနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသောအချက်များကို Power Point ဖြင့် ရှင်းလင်းပြောကြားပါသည်။

၎င်းနောက် ဆွေးနွေးဟောပြောမှုများအပေါ် သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြ ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  ကျေးဇူးတင်စကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် ဟောပြောပွဲသည် မိမိတို့ဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာများကို ဆောင်ရွက်ရသည့်ဌာနဖြစ်ပြီး တိုင်းရင်းသား ရေးရာ၏ အဓိကရည်ရွယ်ချက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၏ လာရောက်ဆွေးနွေး ပြောကြားမှုများကို ဆက်လက်လေ့လာရန် လိုအပ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲမှ ဗဟုသုတများစွာရရှိပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ငြိမ်းချမ်းရေးတို့၏ အရေးပါမှုကို မိမိတို့နှင့်ပတ်သက်သည့် အသိုင်းအဝိုင်းများတွင် Multi Level Message ပေး၍ ရှင်းပြရန်လိုအပ်ပါကြောင်း ပြောကြားပါသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။

Share: