တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ်      ဇွန်လ (၈)

          တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေပါတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်) ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၈)ရက်နေ့ နေ့လယ် (၁:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက် ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခု(ဖိုရမ်)ကျင်းပမည့် (၃)ရက်တာကာလအတွင်းတွင် ဒေသအလိုက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အခြေအနေများ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အကြောင်းအရာများ၊ ဆောင်ရွက်သင့်သည့်အချက်များကို ဆွေးနွေး ပို့ချသွားမည်ဖြစ်ပြီး ခေါင်းစဉ်များအလိုက် ထွက်ပေါ်လာတဲ့အကျိုးရလဒ်များကို အခြေခံကာ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်မှာဖြစ်တဲ့အတွက်ဝိုင်းဝန်းဆွေးနွေးကြဖို့လည်း တိုက်တွန်းပြောကြား လိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးသည့်အခါနှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးဖွယ်ရှိလျှင်လည်း ကာကွယ်စောင့်ရှောက်မှုရရှိရေးအတွက် သက်ဆိုင်ရာများသို့ နည်းဥပဒေပါ တင်ပြရမည့်ပုံစံများအတိုင်း တင်ပြနိုင်ပါကြောင်း၊ ယခုတက်ရောက် လာကြသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် ဖိုရမ်(၃)ရက်တာကာလအတွင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှသ့် ရရှိလာသည့်ဗဟုသုတများကိုလည်း မိမိတို့ဒေသအတွင်းရှိ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

၎င်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားရာတွင် ယခု(ဖိုရမ်)ကျင်းပရသည့်ရည်ရွယ်ချက်သည် တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာရှိသည့် တိုင်းရင်းသားကိုယ်စားလှယ်များအချင်းချင်းနှင့် ဌာနဆိုင်ရာများ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုများ ပိုမိုခိုင်မြဲလာစေရန်၊ တိုင်းရင်းသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တည်ဆဲဥပဒေများပါ တိုင်းရင်းသားများ၏အခွင့်အရေးကို ပိုမိုသိရှိနားလည်လာစေရန် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် (ဖိုရမ်)သည် ရည်ရွယ်ချက် ကောင်းမွန်ပြီး နိုင်ငံတော်အစိုးရက လက်ရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ အချင်းချင်း ပြည်ထောင်စုစိတ်ဓါတ်ကိုအခြေခံပြီး မိမိတို့နေထိုင်ရာဒေသအတွင်းရှိ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြစေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၎င်းနောက် ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့က “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)ကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာ့နိုင်ငံရေးသမိုင်းကြောင်းများ၊ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နည်းဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များတို့ကို ဟောပြောပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)သည် ဇွန်လ (၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၃)ရက်တာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Share: