တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ “တိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ” အခမ်းအနားသို့ တက်ရောက်

ရန်ကုန်         ဇူလိုင်လ (၈)

          ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ “တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ” အခမ်းအနားကို ဇူလိုင်လ (၈)ရက်နေ့ နံနက် (၉:၀၀)အချိန် တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများရဲ့ လူမှုဘဝမြှင့်တင်ရေး အတွက် အသက်မွေးဝမ်းသင်တန်းကျောင်းများမှာ တက်ရောက်သင်ကြားနိုင်ရေး၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရေး၊ သောက်သုံးရေရရှိရေး၊ ဆေးပေးခန်းများ တည်ဆောက်ရေး စတာတွေကို သက်ဆိုင်ရာဌာနများနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှ တိုင်းပြည်အေးချမ်းမည်၊ တိုင်းပြည် အေးချမ်းမှ စားဝတ်နေရေးပြေလည်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ လူငယ်များ အသိပညာကြွယ်ဝလာစေရေး ပညာသင်ကြားရန်လိုအပ်တဲ့အတွက် ပညာရေးကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကကလည်း ပညာရေးကို အဓိကထားအားပေး ဆောင်ရွက်ကြဖို့ လမ်းညွှန် မှာကြားထားပြီး အဲဒီလမ်းညွှန်မှုနဲ့အညီ မိမိတို့ဝန်ကြီးဌာနအနေနဲ့ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အထောက်အပံ့နဲ့ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (Center of Vocational Training and Ethnic Community Affairs) ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှာပါ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းက တိုင်းရင်းသားပြည်သူများအနေနဲ့ တိုင်းရင်းသားကျေးရွာကို ရေလမ်းခရီးကနေ လာ‌ရောက်အပန်း‌ဖြေ အနားယူနိုင်ရေးအတွက် ဆိပ်ခံဗောတံတည်ဆောက်ရေး လုပ်ငန်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ဒီလုပ်ငန်းပြီးစီးသွားရင် တိုင်းရင်းသားကျေးရွာကို ရေကြောင်းကနေ လာရောက် နိုင်ပြီဆိုတဲ့အကြောင်းကိုလည်း သတင်းကောင်းပါးလိုပါကြောင်း၊ ပြီးခဲ့တဲ့ ဇွန်လထဲမှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ကြီးမှူးကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)ကို တက်ရောက်ခဲ့ ပါကြောင်း၊ ၎င်းဖိုရမ်ကနေ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တိုင်းရင်းသားများ အနေနဲ့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များအပါအဝင် အသိပညာဗဟုသုတများ များစွာ တိုးပွားစေခဲ့တဲ့အတွက် ၎င်းဖိုရမ်မျိုးကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျင်းပနိုင်ရေးဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါကြောင်း၊

မိမိတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀)ကျော် စုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံတော်ဖြစ်တာနဲ့အညီ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ဟာ အလွန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီ များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိတာကို တွေ့ရမှာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်သွားခြင်းအားဖြင့်  မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရည်မှန်းထားသည့် ထာဝရငြိမ်းချမ်းရေးရရှိကာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ဒီကနေ့ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကနေ တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားလူမျိုးများအချင်းချင်း ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာ သမိုင်းကြောင်းများကို အပြန်အလှန်သိရှိနားလည်ပြီး ယခင်ကထက်ပိုမိုတဲ့ အပြန်အလှန် လေးစားမှု၊ ချစ်ကြည်စည်းလုံးမှု များရရှိလာမယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း၊ ဒါ့ကြောင့် အဓိပ္ပာယ်တွေပြည့်ဝနေတဲ့ ယခုလိုနှီးနှောဖလှယ်ပွဲများကို အခြားတိုင်းဒေသကြီး/ပြည်နယ် များမှာပါ ဆောင်ရွက်သွားကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါကြောင်း၊ ဒီပွဲကနေ ရရှိလာတဲ့ ချစ်ကြည်ရင်းနှီးစည်းလုံးမှုများကို အခြေခံကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်စည်ပင်သာယာဝပြောရေး၊ ဒီမိုကရေစီနှင့်ဖဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးတို့အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းဖြင့်‌ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာ စကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လူဦးရေ(၈)သန်းခန့် မှီတင်း နေထိုင်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက တိုင်းရင်းသားပေါင်းစုံ လာရောက် အခြေချ ရောနှောနေထိုင်ကြတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ဒီကနေ့ကျင်းပတဲ့ “တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ” ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရန်ပုံငွေမှာ တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ လျာထားတောင်းခံမှုနဲ့ ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရန်ပုံငွေစုစုပေါင်း (၄၅၇.၃၅၂)သန်း ကိုခွဲဝေချထားပေးပြီး ဖြစ်သလို သက်ဆိုင်ရာဌာနများကလည်း ခွဲဝေရရှိလာတဲ့ ရန်ပုံငွေများကို  တိုင်းရင်းသား အရေးကိစ္စရပ်များမှာ အကျိုးရှိထိရောက်စွာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနဲ့အညီ သုံးစွဲဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းရင်းသားလူမျိုးရေးရာကိစ္စများ၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၎င်းနောက် နှီးနှောဖလှယ်ပွဲသို့တက်ရောက်လာကြသည့်  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ တိုင်းရင်းသားလူငယ်များ နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ဖွင့်လှစ်မည့် ကွန်ပျူတာသင်တန်းများမှာ အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ နည်းပညာအကြံပေး ITပညာရှင် ဦးလင်းဦးက DELL Laptop အလုံး (၂၀)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးထံပေးအပ်ခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ ယဉ်ကျေးမှုအကအဖွဲ့များနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအကအဖွဲ့တို့က တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ပါသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးလှ ပါကြောင်း၊ ယခုလို နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းအားဖြင့် တိုင်းရင်းသားလူမျိုး အချင်းချင်း၏ ယဉ်ကျေးမှုများကို အပြန်အလှန် သိရှိစေမည်ဖြစ်ပြီး တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးက သိရှိသွားမည်ဆိုပါက အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်လေးစားမှု၊ ရင်းနှီးမှုတို့ ရရှိစေမည်ဖြစ်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း ပိုမိုခိုင်မာလာမည် ဖြစ်ပါကြောင်း၊ နှီးနှောဖလှယ်ပွဲသို့ လာရောက်ဟောပြောကြပါသော တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် လာရောက်နားထောင်ကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသားများအားလုံး စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ ပါသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်းသားရိုးရာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်းပြီး ယခုလို နှီးနှောဖလှယ်ပွဲကျင်းပရခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုလို နှီးနှောဖလှယ်ပွဲများ၊ ဖိုရမ်များကိုလည်း ဆက်လက်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြခဲ့ ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး တို့က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပါသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဦးစိုင်းကျော်ထူးက ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများအကြောင်း ကိုလည်းကောင်း၊ ကိုးကန့်စာပေနှင့်ယဉ်ကျေးမှုအသင်း ဦးအောင်အောင်က ကိုးကန့် တိုင်းရင်းသားလူမျိုးတို့၏ သမိုင်းအကျဉ်းနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို လည်းကောင်း၊ ဥ(ပ်)ပူး(ချင်း)စာပေနှင့်ယဉ်ကျေးမှုအသင်း ဦးလှမောင်က ဥ(ပ်)ပူး(ချင်း) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် ကိုးကန့်တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့နှင့် ရှမ်းယဉ်ကျေးမှုအကအဖွဲ့တို့က ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးတို့က ဆွေးနွေးပွဲတွင် နှီးနှောဖလှယ်ခဲ့ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

 

Share: