တိုင်းရင်းဘာသာစကား သင်ကြားသင်ယူမှု၏ ထိရောက်အောင်မြင်မှုအခြေအနေ သုတေသနဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ မင်လာသီရိဟိုတယ်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးများ၊ အမျိုးသားသင်ရိုးညွန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်မြို့နယ် ပညာရေးမှူးများ၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုကော်မတီဝင်များ၊ ယူနီဆက်မြန်မာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးဉပဒေ၌ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများ ဖြစ်လာစေရန် ဟူ၍ အမျိုးသား ပညာရေး ရည်မှန်းချက်များကို ပြဋ္ဌာန်းဖော်ပြထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးဆွဲလျက်ရှိသော ဒေသသင်ရိုး (Local Curriculum) ဖြင့် တိုင်းရင်းသားဘာသာစကား ၅၄ မျိုးကို ပထမတန်း (Grade-1)၊ ဒုတိယတန်း (Grade-2)၊ တတိယတန်း (Grade-3) တို့၌ သင်ကြားသင်ယူစေလျက် ရှိပါကြောင်း၊ သင်ရိုးညွန်းတမ်း အညွှန်းဘောင်တွင်လည်း စတုတ္ထတန်းမှ နဝမတန်းအထိတွင် ဒေသနှင့် လိုက်လျောညီထွေရှိသော ပထဝီ၊ သမိုင်း၊ စီးပွားရေးနှင့် ယဉ်ကျေးမှုများကိုလည်းကောင်း၊ အထက်တန်းအဆင့်တွင် ICT နှင့် အကြိုသက်မွေးပညာများကိုလည်းကောင်း သတ်မှတ်နိုင်ရန် အဆိုပြုထားပါကြောင်း၊ တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူမှုကို ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှု အခွင့်အလမ်းမြင့်မားရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စာသင်ခန်းတွင်း တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့်အခါ အားလုံးအတွက် မျှတသော သင်ယူမှု အခွင့်အလမ်းရရှိရေး ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားလုံး ငြိမ်းချမ်းသာယာစွာနေထိုင်နိုင်ရေး၊ ပြောဆိုဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာဘာသာ စကားကို သင်ယူတတ်မြောက် ကျွမ်းကျင်ရန်လည်း အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစာပေ သင်ကြားရေးနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက် အကဲဖြတ်ပြီး ပိုမိုထိရောက်အောင်မြင်နိုင်ရေး ဆက်လက်အားပေးမြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာစကားသင် အခြေခံပညာ ကျောင်း ၁၂၂၄၈ ကျောင်း၌ တိုင်းရင်းသား ဘာသာစကား ၅၄ မျိုးကို သင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသားစာပေ သင်ကြားပေးသူ ဆရာဆရာမနှင့် ပြင်ပပုဂ္ဂိုလ် ၂၈၇၈၃ ဦးအား ထောက်ပံ့ ကြေးများ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် နေ့စားလပေးသင်ကြားရေး အထောက်အကူပြု (Teaching Assistants) ဆရာဆရာမ ၅၁၆၁ ဦး ခန့်ထားပေးခဲ့ပါကြောင်း၊ ယခုနှစ် ကျောင်းဖွင့်အမီ (Teaching Assistants) ဆရာဆရာမများ ထပ်မံခန့်ထား နိုင်ရေး တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနနှင့် ပူးပေါင်း၍ စီစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသား ဘာသာစကား သင်ကြားပေးနေသော အခြေခံပညာ ဆရာဆရာမများနှင့် သက်ဆိုင်ရာတိုင်းရင်းသား ဘာသာ စကား တတ်ကျွမ်းသော ပြင်ပဆရာဆရာမများကို ဘာသာစကားသင်ဆရာဆရာမ (Language Teacher) များအဖြစ် လစဉ် တစ်လလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် အခြေခံပညာဦးစီးဌာနက ထောက်ပံ့ ချီးမြှင့်လျက် ရှိပါကြောင်း၊ ဘွဲ့ရရှိပြီးသည့် Teaching Assistants အဖြစ် ခန့်ထားခံရသူများအား ပညာရေးကောလိပ်တွင် မူလတန်းပြစာပေးစာယူ သင်တန်း တက်ရောက်ပြီး အောင်မြင်ပါက မူလတန်းပြ ဆရာဆရာမ (PTA) များအဖြစ် ခန့်ထားပေးနိုင်ရန် စီစဉ် ဆောင်ရွက်နေပါကြောင်း။

နိုင်ငံတကာသုံး ဘာသာစကားဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်လည်း အားပေး မြှင့်တင်ရန် အရေးကြီးပါကြောင်းနှင့် တိုင်းရင်းသားကလေးငယ်များအား အနာဂတ်ကမ္ဘာကြီး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် လူသားကောင်းများ ဖြစ်လာစေရေး ပြုစု ပျိုးထောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၀င်များ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ အနေဖြင့် ပြည်ထောင်စု တစ်ဝန်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ အားလုံး တိုင်းရင်းသား ဘာသာစကား တတ်မြောက်အောင် သင်ကြားပေးပြီး မိမိတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများကို တန်ဖိုးထားတတ်သည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် လေ့ကျင့် ပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့် မိမိနေထိုင်သည့် ကမ္ဘာကြီးအကျိုးကို ဆောင်ရွက်နိုင်ရန်အတွက် ပညာ၊ ဗဟုသုတ၊ အတွေးအခေါ် ရင့်ကျက်ပြီး မိမိနိုင်ငံသုံး မြန်မာဘာသာစကား၊ ကမ္ဘာသုံး အင်္ဂလိပ်ဘာသာစကားနှင့် အိုင်စီတီနည်းပညာကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်အောင် သင်ကြား ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က သုတေသနဆိုင်ရာများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကူးကြပြီး ဆွေးနွေးပွဲ အခမ်းအနားကိုအစီအစဉ် အတိုင်း ဆက်လက်ကျင်းပ ကြကြောင်းသိရသည်။

(သတင်းစဉ်)