တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့သို့ တက်ရောက်
- ကချင်ပြည်နယ်
- 23 October 2025
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဒေသခံများအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများကို သိရှိနားလည်ပြီး ဥပဒေများနှင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရန်ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဖိုရမ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ စာရေးဆရာ အကြီးကိုကို(ကသာ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဖိုရမ်ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ လော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်းသရုပ် ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ဖိုရမ်ကို တက်ရောက်လာသူများအနေဖြင့် နားထောင်ရုံသက်သက်မဟုတ်ဘဲ အားလုံးက သိလိုသည်များနှင့် မိမိတို့၏ သဘောထားအမြင်များ ဖလှယ်ပေးကြရန်လိုအပ်ပါကြောင်း၊ သို့မှသာ အမျိုးသားရေး လိုအပ်ချက်များကို ဥပဒေနှင့်အညီ ဖော်ဆောင်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်နယ်၏အကျိုးစီးပွား၊ တိုင်းပြည်၏ အကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏ စည်းလုံး ညီညွတ်သောအားဖြင့် အစိုးရနှင့် ပြည်သူလက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ် အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် ရပ်မိရပ်ဖများအားလုံးအတွက် နိုင်ငံသားအခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေးရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြသည်။
ယင်းနောက် ဖိုရမ်ဒုတိယနေ့အတွက် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်းခေါင်းစဉ်ဖြင့် မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့အခြေအနေ နှင့် ပြည်ထောင်စုစိတ်ဓာတ်စသည့် အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ ကြပြီး မွန်းလွဲပိုင်းတွင် စာရေးဆရာအကြီးကိုကို (ကသာ)က ငါ့တို့ချစ်တဲ့ ငါတို့နိုင်ငံတော် ခေါင်းစဉ် ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးဟောပြောပို့ချမှုကို တက်ရောက်လာကြသည့် ဌာန ဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ မြစ်ကြီးနား တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာ ပြုသားဖွား သင်တန်းကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သိရှိလိုသည်များနှင့် ၎င်းတို့၏ အမြင် သဘောထားများအပေါ် မေးမြန်းဆွေး နွေးခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဖိုရမ်အတွက် ဆွေးနွေးဟောပြောပေးကြသည့် ဒုတိယဝန်ကြီးနှင့်ပညာရှင်များ၊ တက်ရောက်အားပေးခဲ့ကြသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် ယနေ့ ဖိုရမ်မှသည် တိုင်းရင်းသားအားလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံသားတစ်ယောက်၏ တာဝန်များကို သိရှိနားလည်ပြီး မိမိတို့၏လူမှုစီးပွား ဘဝမြှင့်တင်ရေး အတွက် အားလုံးကအတူတကွဝိုင်းဝန်းကြိုးစားကြရေး တိုက်တွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ဖိုရမ်ဆွေးနွေးဟောပြောပေးကြသည့် ဒုတိယဝန်ကြီးနှင့် ပညာရှင်ပုဂ္ဂိုလ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။