တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
- ကချင်ပြည်နယ်
- 22 October 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံပြီး စီတာပူရပ်ကွက်၊ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်မည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာ(ဖိုရမ်) အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီးတို့မှ လှူဒါန်းထားသည့် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြ ပုံစံတူအရုပ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အလေးထားလိုက်နာပြီး တိုင်းရင်းသား များ၏ အခွင့်အရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများနှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ နေထိုင်ကျင့်ကြံ့လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော် ဘဏ္ဍာငွေများကို အလေ့အလွင့်မရှိစေရေး ဘဏ္ဍာရေးစည်းမျဉ်းစည်ကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျသုံးစွဲကြရန် လိုအပ်ပါကြောင်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ပြည်နယ်အတွင်း တိုင်းရင်းသားများအရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားအခွင့်ရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြ ကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ချီးမြှင့် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့် အရေးဆိုင်ရာ(ဖိုရမ်) ကျင်းပပြုလုပ်သွားမည့် စီတာပူရပ်ကွက် မနောကွင်း အတွင်းရှိ မဂျွယ်ခန်းမ၌ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။