တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကြည်ရှု့စစ်ဆေး
- ရန်ကုန်
- 21 December 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။
ပထမဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ လာမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်၊ နိုင်ငံသားတာဝန်ကျေပွန်စေရေး မဲရုံသို့ မပျက်မကွက် သွားရောက် ဆန္ဒမဲပေးကြရန်၊ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် ဝင်ငွေပိုမို တိုးတက်ရရှိရေးဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ယူကြီးကြပ်သူ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ (၁.၄.၂၀၂၅)မှ (၂၀.၁၂.၂၀၂၅)ထိ ဝင်ငွေလျာထားချက်ပေါ် (၈၅.၂၈%)ကောက်ခံရရှိမှုအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်းရှိ မြေယာရှုခင်းနှင့် ပန်းအလှစိုက်ပျိုးခြင်း တင်ဒါလုပ်ငန်း ဆောင်ရွက်ပြီးစီး မှုအခြေအနေများ၊ ဆိပ်ခံဗောတံတား သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရိုးရာအိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။