ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
- နေပြည်တော်
- 24 December 2025
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ကျင်းပဆောင်ရွက်ခဲ့သည့် ရွေးကောက်ပွဲများနှင့်မဲစနစ်များ၊ အနိုင်ရသူအကုန်ယူစနစ် (First-Past-the-Post - FPTP) စနစ်၏ အားသာချက် အားနည်းချက်များ၊ အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်၏ အားသာချက် အားနည်းချက်များ၊ ကိုယ်စားပြုမှု အချိုးညီမျှစေရေးအတွက် ဦးတည်ချက်ထား၍ မတူညီသည့် ရွေးကောက်ပွဲစနစ်ပုံစံ ၂ မျိုး (Mixed Electoral System) ဖြင့် ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို (၂၈-၁၂-၂၀၂၅) ရက်နေ့တွင် အပိုင်း (၁)အဖြစ် မြို့နယ် (၁၀၂) တွင်လည်းကောင်း၊ (၁၁-၁-၂၀၂၆) ရက်နေ့တွင် အပိုင်း (၂)အဖြစ် မြို့နယ် (၁၀၀) တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြင့် နိုင်ငံသားတိုင်းသည် မိမိတို့၏ အနာဂတ်ကို ရွေးချယ်ခွင့်ရှိခြင်း၊ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၏ အကျိုးကျေးဇူးအရ ဥပဒေပြုရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတွင် တိုင်းရင်းသားများ၏ကိုယ်စားပြုမှု အချိုးကျကျ မျှမျှတတ ပါဝင်လာနိုင်မည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသောသူများအားလုံးသည် မိမိတို့၏ မဲစာရင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကြည့်ရှု့စစ်ဆေး၍ မဲစာရင်း အမှတ်စဉ်များ မှတ်သားထားရန်ဖြစ်ကြောင်း၊ မဲစာရင်းအမည်မပါပါက သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရန်ဖြစ်ကြောင်း၊ မဲစာရင်းပေးသည့်နေ့တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား ယူဆောင် သွားကြရန်နှင့် ဝန်ထမ်းအားလုံး မဖြစ်မနေဆန္ဒမဲပေးကြရန် တိုက်တွန်းပါကြောင်း၊ တာဝန်အရ ခရီးသွားရောက်မည့် ဝန်ထမ်းများအနေဖြင့် ကြိုတင်မဲ ပေးထားကြရန် ဖြစ်ကြောင်းနှင့် နောက်ဆုံးအကြိမ်မဲစာရင်းကို ၂၃-၁၂-၂၀၂၅ ရက်နေ့တွင် စတင်၍ ကြေညာထားပါကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့မှ ဝန်ထမ်း စုစုပေါင်း ၃၉၇ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။