ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

19 AUG

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး ထားဝယ် ဩဂုတ် ၁၉

  • တနင်္သာရီ
  • 19 August 2025

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့်အတူ ဆန်းချီရပ်ရှိ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ဩဂုတ်လ (၁၈) ရက် မွန်းလွဲ ၁ နာရီက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဦးစွာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ်မြှင့်တင်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာ သုံးစွဲရေး၊ ဝန်ထမ်းများသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်နှင့် ဦးတည်ချက်(၄)ရပ်ကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထား လိုက်နာ ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းလုံးညီညွတ်စွာ အားသွန် ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံများက ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။