ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

20 AUG

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကြည်ရှုစစ်ဆေး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်

  • ရန်ကုန်
  • 20 August 2025

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အဓိက တာဝန် ဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ MSME လုပ်ငန်း များကို အားပေးဆောင်ရွက်နေခြင်းကဲသို့ တိုင်းရင်းသား MSME လုပ်ငန်းများကိုလည်း ဌာနအနေဖြင့် လက်လှမ်းမှီသမျှ ကူညီဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေး ကဏ္ဍတွင်လည်း တိုင်းရင်းသားကလေးငယ်များ ဘာသာစကားအခက်အခဲကို ကျော်လွန်၍ ကျောင်းထွက်နှုန်း လျော့နည်းလာစေရေး၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်   ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ ကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီး၍ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်   ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ငွေလုံး ငွေရင်းဖြင့်ဆောင်ရွက်မည့် သန်း(၂၀) အောက်လုပ်ငန်းများနှင့် သန်း(၂၀)အထက် တင်ဒါ လုပ်ငန်းများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ဝင်ငွေရရှိမှုများနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းများမှ မိမိတို့၏ လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ရိုးရာအိမ်များ၊ နန်းမြင့်မျှော်စင်၊ ဆလုံ ပြခန်းနှင့် ဝန်ထမ်းအိမ်ရာများအတွင်း အသုံးပြုနိုင်ရန်အတွက် Solar Panel စုစုပေါင်း (၅၈)လုံးအား ပေးအပ်ခဲ့ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ လက်ခံရယူကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။