ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

02 JUL

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန Computer Repair and Maintenance သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော် ၊ ဇူလိုင် ၂

  • နေပြည်တော်
  • 02 July 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ Computer Repair and Maintenance သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး  ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် သိပ္ပံနှင့်နည်းပညာကဏ္ဍသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိရာ မည်သည့်လုပ်ငန်းရပ်တိုင်းတွင်မဆို ကွန်ပျူတာနည်းပညာကို အခြေပြုပြီး ဆောင်ရွက်လာကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာမြင့်မားရေးတို့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိရာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ ပညာရပ်များကို အနည်းဆုံး အခြေခံအားဖြင့် တတ်မြောက်ထားကြရန် အထူးလိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်ပို့ချခဲ့သော ကွန်ပျူတာပြုပြင်ထိန်းသိမ်းရေး သင်တန်းတွင် စာတွေ့သာမက လက်တွေ့ပါ သင်ကြားပို့ချပေးခဲ့သည့်အတွက် သင်တန်းသားများအနေဖြင့် ကွန်ပျူတာနည်းပညာရပ်နှင့် သက်ဆိုင်သော အတွေ့အကြုံ ဗဟုသုတကောင်းများစွာကို ရရှိ သွားပြီး မိမိတို့၏ လုပ်ငန်းနယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေးအတွက် ဆက်လက် ကြိုးစားလေ့လာသွားကြရန် မှာကြားလိုပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်၏ အနာဂတ်အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသော အားကိုးအားထားပြုနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေးသာမက သတင်းအချက်အလက်လုံခြုံရေးအတွက် အထောက်အကူပြုနိုင်သဖြင့် ဆက်လက်ကြိုးပမ်းသွားကြစေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကသင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား၊ သင်တန်းသူနှစ်ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ပါသည်။

ထို့နောက် သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဒုတိယဝန်ကြီးက  ဆုချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား ပထမဆုရရှိသည့် သင်တန်းသူက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။