ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်လုပ်ငန်းဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှုစစ်ဆေး
- ရန်ကုန်
- 10 July 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များအား သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် မြန်မာနိုင်ငံခရီးသွားလမ်းညွှန်တွင် ခရီးသွားလည်ပတ်လေ့လာစရာကောင်းသည့် နေရာတစ်ခုအဖြစ် ပါဝင်ပါကြောင်း၊ အများပြည်သူများ စိတ်ချမ်းမြေ့စွာ လာရောက်အပန်းဖြေနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စိတ်ဝင်စားမှုလျှောက်လွှာခေါ်ယူခြင်း (Expression of Interest-EOI)နှင့် ကျေးရွာအတွင်းပိုမိုအဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားကျေးရွာ ပိုမိုတိုးတက်စေရန်၊ စည်ပင်သာယာဝပြောစေရန်နှင့် ယခုထက် ပိုမို သန့်ရှင်းလှပစေရန် အောက်ခြေဝန်ထမ်းမှအစ တာဝန်ရှိသူအဆင့်ဆင့် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း တိုင်းရင်းသားကျေးရွာများရှိသည်ကို တွေ့မြင်ရပြီး ကောင်းသည့်အချက်များကို အတုယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းတို့က ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်ဆောင်ရွက်ရာ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပါသည်။
ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းက လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများကို power point ဖြင့် ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အတွင်းရှိ ကျေးရွာအတွင်းသန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ ပြည်ထောင်စုခန်းမ၊ ဝါးရုံတောလျှောက်လမ်း၊ ဝင်္ကပါပတ်လမ်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၏ ခွင့်ပြုဘဏ္ဍာ ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူအောင်မြင်ခဲ့ပြီး ဆောင်ရွက်သွားမည့် နန်းမြှင့်မျှော်စင် အထွေထွေပြုပြင်ခြင်း၊ နံရံဆေးရေးပန်းချီများ ပြုပြင်ခြင်းနှင့် အသစ်ရေးဆွဲခြင်း၊ နန်းမြှင့်မျှော်စင် ကွန်ကရစ်ပတ်လမ်း Level မြှင့် ကွန်ကရစ်လှောင်းခြင်း၊ တိုင်းရင်းသားရိုးရာအိမ် (၈) လုံး အထွေထွေပြုပြင်ခြင်းနှင့် (၉၀ x ၃၀) ၄ ခန်းတွဲ ၂ ထပ် RC ဝန်ထမ်းအိမ်ရာတည်ဆောက် မည့်နေရာများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ မူလရိုးရာပုံစံ မပျက် ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုအဖွဲ့နှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာ စကားပြောကြားရာတွင် ခေတ်ကာလပြောင်းလဲလာမှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမှုနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် တိုင်းရင်းသားများသည်လည်း ရိုးရာဝတ်စုံများ ဆန်းသစ်တီထွင်လာကြသည်ကို တွေ့မြင်ကြမည်ဖြစ်ပါကြောင်း၊ ရိုးရာဝတ်စုံများ ဆန်းသစ်တီထွင်ရာတွင် မူလလက္ခဏာများ လျော့နည်းပျောက်ကွယ်လာနိုင်သည့် အခြေ အနေဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများအလိုက် မူလရိုးရာ ပုံစံမပျက် ရိုးရာဝတ်စားဆင်ယင်မှုအဖွဲ့များ ထားရှိကြစေလိုကြောင်း ပြောကြားပါသည်။
ယင်းနောက် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် မူလရိုးရာပုံစံမပျက် ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုအဖွဲ့တို့က ရိုးရာဝတ်စုံများ မူလရိုးရာမပျက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်းအစဉ်အစဉ်များနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။